CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ယနေ့ (မေလ ၂ ရက်) နေ့မှာ ရွေးချယ်တင်မြောက်လိုက်ကြောင်း သိရသည်။

KNU ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်မှ ရွေးချယ်တင်မြောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် KNU ၏ ၁၀ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

ခေတ်အဆက်ဆက် KNU ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူများမှာ စောစံဖိုးသင် ၁၉၄၇ မှမေလထိ၊ စောဘဦးကြီး ၁၉၄၇ မှ ၁၉၅၀၊ စကောလယ်တော ၁၉၅၀ မှ ၁၉၅၃၊ စောဟံတာသာမွေး ၁၉၅၃ မှ ၁၉၆၃၊ မန်းဘဇန် ၁၉၆၃ မှ ၁၉၇၅၊ စောဘိုမြ ၁၉၇၆ မှ ၂၀၀၀၊ စောဘသင်စိန် ၂၀၀၀ မှ ၂၀၀၈၊ စောတာမလာဘော ၂၀၀၈ မှ၂၀၁၂၊ စောမူတူး စေးဖိုး ၂၀၁၂ မှ ၂၀၂၃ ခုနှစ်၊ ဧပြီလထိ ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က  NCA စာချုပ်လက်မှတ်ထိုးစဉ် ပဒိုစောကွယ်ထူးဝင်းကို တွေ့ရစဉ်

KNU ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်ကပ် ရောဂါနှင့် တပ်မတော်က အာဏာရယူပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

KNU ၏ ကွန်ကရက်ကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စတင်ကျင်းပခဲ့ရာ ဥက္ကဋ္ဌကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စစ်ဘက်ဆိုင်ရာ အစည်းအဝေးများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရခြင်းကြောင့် လက်ရှိ KNU ၏ စစ်ရေး-နိုင်ငံရေး ရပ်တည်ချက် များ မည်သို့ အပြောင်းအလဲများ ဖြစ်လာမလဲဆိုသည့်အပေါ် အားလုံးက သတိကြီးကြီး စောင့်ကြည့်နေကြသည်။