CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅

လက်ရှိ အချိန်ကာလသည် ကြီးမားသည့် စိန်ခေါ်မှုများရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်းများလည်း ရှိနေပါသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

၇၄ နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိနိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အခြေအနေများသည် မိမိတို့နိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သည့် နိုင်ငံ ရေး၊ စစ်ရေး အခြေအနေများနှင့်မတူပဲ လုံးဝခြားနားလျက်ရှိကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

၎င်းက “ ထို့ကြောင့် မိမိတို့ KNU နှင့် ကော်သူးလေတပ်မတော် အနေဖြင့် ကရင့်အမျိုးသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ကရင့်အမျိုးသားများ၏ နိုင်ငံရေးအပြင် ပြည်သူလူထု တရပ်လုံးအား ပိုမိုထိရောက်သည့် ခုခံကာကွယ်မှုများကို လုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြေအနေ ပေးအပ်လာသည့် အခွင့်အရေး များကို အရယူပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုအပြင် မိမိတို့၏ အုပ်ချုပ်ရေး အပါအဝင် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေး စနစ်နှင့် လုပ်ထုံးလုပ်နည်းများကို ထူထောင်ရန် လိုအပ်ပါသည်။ လက်ရှိ အချိန်ကာလသည် ကြီးမားသည့် စိန်ခေါ် မှုများရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်း များလည်း ရှိနေ ပါသည်”ဟု ပြောသည်။

KNU တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU-fb)

KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက် ကိုင် အဖွဲ့ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို စစ်သင်တန်းများပေးခြင်းနှင့် လက်နက်တပ်ဆင် ပေးခြင်းများ ပြုလုပ်ကာ မြန်မာ့တပ်မတော်ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် KNU လှုပ်ရှားသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္လာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည်။

ကော်သူးလေအစိုးရကို ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ကရင့်အမျိုးသားခုခံတော်လှန် ရေး အစုအဖွဲ့အားလုံးကိုလည်း ကော်သူးလေတပ်မတော်အဖြစ် စုစည်းခဲ့ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း၏ သဝဏ်လွှာမှာ ပြောထားသည်။

ထို့နောက် ၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၌ မောကို(ဆောထိမြို့နယ်)တွင် ပြုလုပ်သည့် ကရင့်အမျိုးသားလုံး ဆိုင်ရာကွန်ကရက်၌ ကော်သူးလေတပ်မတော်၏ စစ်ရေးဆိုင်ရာ စီမံချက်များကို ကိုယ်စားလှယ် ခေါင်းဆောင် ကြီးများမှ အတည်ပြုခဲ့ကြပြီး ဖွဲ့စည်းပုံနှင့် စုဖွဲ့မှုများကို ပြင်ဆင်မွမ်းမံခဲ့ကြသည့် ဇူလိုင် ၅ ရက်နေ့ကို အစွဲပြုပြီး ကော်သူးလေတပ်မတော်နေ့အဖြစ် အတည်ပြုခဲ့ကြကာ ယနေ့ထိ ဂုဏ်ပြု ကျင်းပလေ့ရှိသည်။