CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းမှုများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ စုဖွဲ့ကာ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းသွားရန် ပြင်ဆင်နေခြင်းကြောင့် လက်တွေ့မှာ ဖွဲ့စည်းနိုင်ခြေ ရှိ/မရှိ အမျိုးမျိုးသော ထင်ကြေးများ ပေးလျက်ရှိနေသည်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဖက်ဒရယ်တပ်မတော် ထူထောင်ရေး လုပ်ဆောင်နေ ကြောင်း၊ သို့သော် မည်သည့် အဆင့်ထိ ရောက်ရှိနေပြီလဲကိုတော့ မသိရှိရသေးကြောင်း နိုင်ငံရေးလေ့လာ သုံးသပ် သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NUG ကတော့ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးအတွက် ကြွေးကြော်ပြီးတော့ လုပ်ကိုင်နေတာပဲ၊ ဘယ်အခြေအနေအထိ ရောက်ပြီလဲဆိုတာတော့ ကျနော်တို့လည်း မသိပါဘူးဗျာ၊ သို့သော် ပူးပေါင်း ဆောင်ရွက်မှု တွေ ရှိတယ်ဆိုတာ လောက်ပဲ ယေဘုယျ သိတာပါ။ ဖက်ဒရယ်တပ်မတော် အဆင့်မျိုး အထိတော့ မရောက်ရှိသေး ဘူးလို့ ထင်ပါတယ်ခင်ဗျ။ တကယ်လို့ သူတို့ရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ မူကြမ်းထွက်လာရင်တော့ ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်၊ အခုကတော့ ဖွဲ့စည်းမယ်လို့ ကြွေးကြော်နေတာပါ။ လက်တွေ့ကတော့ မဖြစ်မြောက်သေးဘူးလို့ ကျနော်တို့ ကြားရပါတယ်” ဟု ပြောသည်။

 ၂၀၁၆ ခုနှစ်၊ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကို တွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ထူထောင်နိုင် ရန်အပြင် ဖက်ဒရယ်တပ်မတော် ပေါ်ထွန်းလာရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်နေကြောင်း၊ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း CRPH အဖွဲ့ဝင် NUG ၏ နိုင်ငံခြားရေးဝန် ကြီး ဒေါ်ဇင်မာအောင်က ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် Myanmar Now သို့ ပြောကြားထားသည်။

လုံခြုံရေးဆိုင်ရာ မူဝါဒများကို ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ဘဲ ဖက်ဒရယ်တပ်မတော်ကို ဖော်ဆောင်၍ မရ ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဟာကတော့ ဒီလိုပဲ စိတ်ကူးယဉ်လို့ မရဘူးဗျ၊ တိုင်းပြည်ရဲ့ လုံခြုံရေးစနစ်ကို ဘယ်လို ပြုပြင် ပြောင်း လဲမလဲ၊ လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ ကျနော်တို့ မူဝါဒတွေကို ပြောင်းလဲပြီးတော့မှ ဖက်ဒရယ် တပ်မတော်ဆိုတာ ပေါ်လာနိုင်တယ်ဗျ။ လုံခြုံရေးဆိုင်ရာ မူဝါဒတွေကို အပြောင်းအလဲ မလုပ်ဘဲနဲ့တော့ ဒီအတိုင်း ဖော်လို့တော့ မရဘူး။ အဲဒါကတော့ သူ့ရဲ့ ဟိုဟာပဲ။ လုံခြုံရေးဆိုင်ရာ မူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ တိုင်ပင် ဆွေးနွေးပြီး သဘောတူမှ ပြောင်းလို့ရမှာဗျ။ အဲဒီလို” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန် ယခင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့ဖြင့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် (FUA) ကို ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ဖူးသည်။

၂၀၁၁ ခုနှစ်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်(FUA)ကိုဖွဲ့စည်းခဲ့စဉ်

အဆိုပါ FUA တွင် ကရင်အမျိုးသားအစည်းအ ရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် တခြား လက်နက်ကိုင်များ ပါဝင်ကြ သော်လည်း လက်တွေ့မှာ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ ကြောင်း သိရသည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် တပ်ပေါင်းစုများ တဖြည်းဖြည်းဖြင့် နီးစပ်လာနိုင်မည်ဟု ယူဆကြောင်း တရုတ်-မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျမကြည့်တာကတော့ တပ်ပေါင်းစုလုပ်ငန်းတွေ တဖြည်းဖြည်းနဲ့တော့ နီးစပ်လာ နိုင်မယ်ထင်တယ်၊ ဖက်ဒရယ် တပ်ဆိုတာထက်ပေါ့နော်၊ ဥပမာအားဖြင့် KIA နဲ့ ပေါင်းတဲ့ အဖွဲ့ရှိနိုင်တယ်၊ KNU နဲ့ ပေါင်းတဲ့ အဖွဲ့ ရှိနိုင်တယ်၊ အဲဒီပေါင်းတဲ့ နေရာလေးတွေ အလိုက်ပေါ့နော်၊ သူ့ပထဝီနေရာအလိုက် အဲလို ပူးတွဲစစ်ဆင်ရင်း၊ စစ်ဆင်ရင်းနဲ့ နောက်ပိုင်းကျမှ တဖြည်းဖြည်း ဖြစ်လာနိုင်မယ်ထင်တယ်၊ ချက်ချင်းကြီးကတော့ ဖြစ်လာနိုင်ဖို့ မလွယ်သေးပါဘူး” ဟု ပြောသည်။

လက်ရှိတွင် KNU၊ KIA၊ CNF၊ KNPP၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။