CNI International News

ပေကျင်း၊ ဇူလိုင် ၃၀

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွမ် (Cho Hyun ) နှင့် ဇူလိုင် ၂၈ ရက်က ဖုန်းဆက်သွယ် ပြောဆိုရာတွင် တောင်ကိုရီးယားအနေဖြင့် လွတ်လပ်သည့် ကိုယ်ပိုင်မူဝါဒ ချမှတ်ရန် တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ဝမ်သည် တောင်ကိုရီးယားကို အမေရိကန်၏ ဩဇာလွှမ်းမိုးမှုအောက်မှ ရုန်းထွက်ပြီး လွတ်လပ်သည့် မူဝါဒ ချမှတ်ရန် တိုက်တွန်းခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယားအနေဖြင့် တရုတ်နှင့်ပတ်သက်ပြီး တည်ငြိမ်မှု၊ ရေရှည်တည်မြဲမှုနှင့် ခန့်မှန်းနိုင်သည့် မူဝါဒကို ချမှတ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဝမ်က တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဝမ်နှင့် ချိုတို့သည် ၄၅ မိနစ်ကြာ ဖုန်းပြောဆိုမှုအတွင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်ရင့်ကျက်မှုရှိသည့် သဘောထားဖြင့် မြှင့်တင်သွားမည့် ကတိကဝတ်များအား ထပ်လောင်း အတည်ပြု ခဲ့ကြသည်ဟု တောင်ကိုရီးယား၏ ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင်ကို တွေ့ရစဉ်

“တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂျူ (Gyeongju) မြို့မှာ ပြလုပ်မယ့် APEC အစည်းအဝေးမှာ ပူးပေါင်းဆောင်ရွက် မှုတွေ ပြုလုပ်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ အဲဒီသဘောတူညီမှုဟာ နှစ်နိုင်ငံ ပြည်သူတွေ အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်တွေ ထွက်ပေးစေဖို့နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်သည် တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင် (Lee Jae-myung) ၏ အစိုးရလက်ထက်တွင် ဆက်ဆံရေးများကို ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

တောင်ကိုရီးယားတွင် လီ အာဏာရ လာခဲ့ပြီးနောက်ပိုင်း ယခင်က အေးစက်နေသည့် တရုတ်နှင့် တောင်ကိုရီးယား ကြား ဆက်ဆံရေးသည် နွေးထွေးပျော့ပြောင်း လာခဲ့သည်။

ပြီးခဲ့သည့် လကလည်း လီသည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ဖုန်းဆက်သွယ် ပြောကြားခဲ့သည်။

ထိုဖုန်းပြောကြားမှုအတွင်း ရှီက ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့် နှစ်ပေါင်း ၈၀ ပြည့် အထိန်းအမှတ်အတွက် တီအန်မင်ရင်ပြင်တွင် စက်တင်ဘာ ၃ ရက်၌ ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် လီကို ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

Source: South China Morning Post