CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅

လူထုထိခိုက်မည့် နည်းလမ်းကို ရွေးချယ်မှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဗဟိုအလုပ်မှုဆောင် စောခွန်ကျော်ဝင်းက CNI သတင်းဌာနကို ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်နှင့် PNO စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ခံများလည်း ဘေးလွှတ်ရာသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

စောခွန်ကျော်ဝင်းက “PNO ရဲ့ မူကတော့ နဂိုကတည်းက ကျနော်ကတော့ လက်နက်ကိုင်အနေနဲ့ ပြောတာမဟုတ်ဘူး။ နိုင်ငံရေးပါတီအနေနဲ့ ပြောတာပေါ့နော်၊ ကျနော်မှာ အားလုံးက မိတ်ဆွေအနေနဲ့ပဲ သတ်မှတ်တာပေါ့လေ၊ ရန်သူမရှိဘူးပေါ့နော်၊ နောက်တစ်ခု သူတို့မူကတော့ လုပ်တဲ့ လုပ်ငန်းစဉ်တွေအားလုံးက လူထုထိခိုက်မယ့် နည်းလမ်းကို ကျနော်တို့ မရွေးဘူး။ လူထုနစ်နာမယ့်အလုပ်ကို ကျနော်တို့ မလုပ်ဘူးပေါ့နော်၊ ဖြစ်လာခဲ့ရင် အထိအခိုက်အနည်းဆုံး ဖြစ်အောင်တော့ ကျနော်တို့ ကြိုးစားတယ်။ အဲဒီမူနဲ့ သွားမှာပေါ့နော်၊ သက်ဆိုင်ရာ အဖွဲ့အစည်းက သူ့အလုပ်သူလုပ်ကြတာပေါ့နော်၊ ကျနော်တို့ကတော့ လောလောဆယ်ကတော့ အဲဒီမူနဲ့ သွားတာပေါ့နော်၊ နဂိုကတည်းက ခေါင်းဆောင်ပိုင်းတော့ အမြဲတမ်း ဆွေးနွေးပြောဆိုတာ အမြဲတမ်းရှိပါတယ်” ဟု ပြောသည်။

ဆီဆိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အကြောင်းအရာ အပြည့်အစုံကို သိရှိနိုင်ရေး PNLO မှာ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် ဆီဆိုင်မြို့ခံများ နီးစပ်ရာ တောင်ကြီး၊ ဟိုပုံးတို့ တိမ်းရှောင်လာကြောင်း၊ တိုက်ပွဲရှောင် လူဦးရေ အတိအကျမသိရှိသေးကြောင်း တိုက်ပွဲရှောင်များကို အကူအညီပေးနေသူ တောင်ကြီးဒေသခံတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

တော်လှန်ရေးအင်အားစုများကို တွေ့ရစဉ်

၎င်းက “ဟုတ်တယ်ဗျ၊ အခုဆီဆိုင်ထဲမှာတော့ လုံးဝတိတ်ဆိတ်သလောက်တော့ ရှိသွားမှာပေါ့။ သူသူကိုယ်ကိုယ် အလျှိုလျှိုထွက်နေကြတာဆိုတော့လေ၊ လောလောဆယ်တော့ ကျနော်တို့လည်း စာရင်းတော့ အတိအကျ မသိသေးဘူးဗျ၊ ဆက်သွယ်လာတာတွေလည်း ရှိတယ်‌။ မေးလာတာတွေလည်း ရှိတယ်။ တချို့က အကူအညီတောင်းလာတာတွေလည်း ရှိတယ်လေ၊ သူတို့က ဘယ်ကိုသွားလာနေထိုင်ကြမလဲဆိုတာလည်း မသိသေးဘူးပေါ့နော်၊ ဒါပေမဲ့ ဒီဖက်ကို များသောအားဖြင့် ဒီတောင်ကြီးနယ်ဖက် ရွေ့လာကြတာတော့ များတယ်၊ ကျနော်တို့က အခြားဟာမဟုတ်ဘူး။ ဘယ်လိုပြောမလဲဆိုရင် လမ်းစရိတ်မရှိဘူး။ ကားမရှိဘူး။ အကုန်ဒုက္ခအကြီးအကျယ်ရောက်နေတယ်၊ ကျနော်တို့က လမ်းစရိတ် ဓါတ်ဆီဖိုးအနေနဲ့ အဲဒီလိုမျိုးလေး အကူအညီပေးဖို့ ရှိတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် နံနက်အစောပိုင်းတွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနီးတွင် PNO/PNA နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စံဖူးကျေးရွာ ဒေသခံတို့၏ နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့သည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးကာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA)အဖြစ် ပြောင်းလဲခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာမည်ဖြင့် နိုင်ငံရေးပါတီ အနေနှင့် မှတ်ပုံတင်ခဲ့သည်။

ထို့ကြောင့် PNO သည် ပြည်သူ့စစ်နှင့် နိုင်ငံရေးပါတီဟုဆိုကာ အသွင်နှစ်မျိုးဖြစ် ရပ်တည်လျက်ရှိပြီး ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စီမံအုပ်ချုပ် လျက်ရှိသည်။

PNLO/PNLA သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ဟိုပုန်း၊ မောက်မယ် ဒေသများတွင် လှုပ်ရှား လျက်ရှိပြီး မောက်မယ်တွင် ဌာနချုပ်အဖြစ် သတ်မှတ်ထားသည်။