CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
အကြမ်းဖက် တန်ပြန် စစ်ဆင်ရေးကို လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲမှုက အခြေအမြစ်မရှိသော စွပ်စွဲချက်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဝန်ကြီး ဦးကိုကိုလှိုင်က ချေပလျှောက်လဲခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ICJ မှာ မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဝန်ကြီး ဦးကိုကိုလှိုင်က ချေပလျှောက်လဲ ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ သဘောတူညီချက်၊ စည်းမျဉ်းစည်းကမ်းများအား လိုက်နာလျက်ရှိကြောင်း၊ လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်များမှာ အခြေအမြစ် မရှိကြောင်း၊ လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း မရှိဘဲ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက လျှောက်လဲခဲ့သည်။
မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ ဘင်္ဂါလီ လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲ၍ တရားစွဲထား မှုကိစ္စကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကြားနား စစ်ဆေးနေကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ချေပလျှောက်လဲလျက်ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်တပ် ရဲကင်းစခန်း ၃၀ ကို အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သလို မွတ်စလင် မဟုတ်သော လူမျိုးများကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့ရာ ဘင်္ဂါလီ ၇ သိန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားခြင်းအား လူမျိုးသုဥ်း သတ်ဖြတ်သည်ဟုဆိုကာ စွပ်စွဲ၍ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
ထိုစွပ်စွဲချက်ကို မြန်မာနိုင်ငံက ICJ မှ ပြန်လည် ဖြေရှင်းနေရခြင်းဖြစ်သည်။
ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ICJ မှာ မြန်မာနိုင်ငံ ကိုယ်စား လျှောက်လဲခဲ့သေးသည်။
