CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆

နိုင်ငံရေးပါတီများ အနေဖြင့် ပြည်ပသံရုံးမှ သံတမန်များဖြင့် တွေ့ဆုံမည်ဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) ၏ ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံဆွေးနွေး၍ ရနိုင်မည်ဆိုသော ကန့်သန့်ချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများက ဘယ်လိုရှုမြင်နေကြသလဲ အားလုံးက စောင့်ကြည့်နေကြသည်။

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်ထက်ထက်လှိုင်တို့သည် ပြည်ပ သံရုံးတစ်ရုံးမှ လူတချို့နှင့် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။ 

လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ရွေးကောက်ပွဲကာလ ဖြစ်နေသည့်အတွက် ထိုညွှန်ကြားချက်များနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ညှိနှိုင်းဆွေးနွေးရမည်ဟု မွန်ညီညွတ်‌ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။ 

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်

၎င်းက ”လက်ရှိကာလမှာ လက်ရှိ‌ ရွေးကောက်ပွဲကာလမပြီး လွှတ်တော် မခေါ်မချင်းတော့ ကျနော်တို့ ဒီတိုင်းပဲ ဆက်သွားမယ့် အနေအထားတော့ ရှိတယ်ပေါ့။ ဒါကတော့ ကျနော်တို့ အဲဒီလိုပဲ မြင်တယ်။ နောက်ပြီးတော့ လွှတ်‌တော်ပေါ်ပြီ ဆိုလို့ရှိရင် ဒီညွှန်ကြားချက်က လွှတ်‌တော်ထဲမှာ ပယ်ရမယ်။ လွှတ်‌တော်ထဲမှာ ဆွေးနွေးရမယ် အဲဒီအချိန်ကျရင် ကျနော်တို့က တစ်မျိုးတစ်မည်တော့ အပြောင်းအလဲတော့ ရှိမယ်ပေါ့။ ဒါပေမယ့် ဒီ လွှတ်တော် မပေါ်မချင်းကတော့ ဒီ Process အတိုင်းပဲ သွားရမှာ ဖြစ်တယ်။ ကျနော်တို့လည်း အဲဒီဟာကိုတော့ UEC ဒီလို နိုင်ငံတကာ သံတမန်တွေနဲ့ ပါတီတွေနဲ့ တွေ့ဆုံခြင်းကို ဒီလို ညွှန်ကြားချက်တွေ ထုတ်တာက ကျနော်တို့ မသိ တော့ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကလည်း တကယ့်တကယ် ဘယ်ပါတီမဆိုပေါ့နော်။ တကယ့်တကယ် နိုင်ငံကို အစိုးရဖွဲ့နိုင်ပြီဆိုလို့ရှိရင် နိုင်ငံတကာနဲ့ မလွဲမသွေ ဆက်ဆံရမှာပဲလေ။ ဆက်ဆံတဲ့ အခါကျတော့ ပါတီ တုန်းကနေပြီးတော့ နိုင်ငံတကာ သံတမန်နည်းနဲ့ ဆက်သွယ်မှုတွေ မရလို့ရှိရင် ကျနော်တို့ အဲ့ဒီအတွေ့အကြုံက ကျနော်တို့အတွက် အလွန်ကို အားနည်းတယ်ပေါ့နော်။ အဲဒါကြောင့်ပဲ ဒီဟာကတော့ ဘာအကြောင်းကြောင်း ကြောင့် ပြဋ္ဌာန်းလဲတော့ ကနော်တို့ မပြောနိုင်ဘူး။ ဒါပေမယ့် လွှတ်တော် ပေါ်လာမယ်ဆိုလို့ရှိရင် ဒီအကြောင်းကို ဆွေးနွေးဖြစ်မယ် ထင်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံရန် ဖြစ်ကြောင်း နှင့် သင့်လျော်သည့် အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည် ဖြစ်ကြောင်းကိုလည်း ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃ ရက်တွင် နိုင်ငံရေးပါတီများသို့ အကြောင်းကြားခဲ့သည်ဟု UEC က ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထိုကန့်သတ်ချက်သည် မူလအစကတည်းက ရှိနေပြီးသား ဖြစ်ကြောင်း၊ ထိုပြဋ္ဌာန်းချက်အပေါ် လေးစားလိုက်နာမှု မရှိသည့်အတွက် လက်တွေ့ကျသည့် အပြုသဘောမျိုး ဆောင်ရွက်သည်ဟုသာမြင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်

၎င်းက “သူက ကန့်သတ်ချက်က နိုင်ငံရေးပါတီတွေအတွက် အခက်အခဲ ရှိခြင်း၊ မရှိခြင်းဆိုတာထက် ဥပဒေ တစ်ရပ် ကျနော်တို့ ပြဋ္ဌာန်းထားတာ ရှိတယ်လေ။ နိုင်ငံရေးပါတီတွေ လေးစားလိုက်နာရမယ့်ဟာ အဲ့ဒါကို ကျနော် တို့ နိုင်ငံတော် အပိုင်းကနေပြီးတော့ သေသေချာချာ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ကိစ္စတွေ ဖြစ်တယ်။ ပြောချင်တာ ကတော့ ဘာလဲဆိုလို့ရှိရင် စည်းနဲ့ကမ်းနဲ့ ဘောင်နဲ့ တွေ့လို့ရတယ်ဆိုတဲ့ ခွင့်ပြုချက် သူတို့ ရှိထားပြီးသားလေ။ စည်းကမ်းမဲ့ ဘယ်နိုင်ငံမှ ဒါပေးထားခြင်း မရှိပါဘူး။  ဒါကြောင့်မို့လို့ ဒီကန့်သတ်ချက်ဟာ ဆိုလို့ရှိရင် အားလုံး အတွက်ကို ရေရှည်အတွက်ကို မျှော်ကိုးပြီးတော့ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက် ဖြစ်နိုင်တယ်လို့ပဲ ကျ‌နော် ပြောချင် ပါတယ်။ ဥပဒေက အခုမှ ပေါ်လာတာ မဟုတ်ဘူး။ ဟိုး ယခင်တုန်းကလည်း ဒီဥပဒေပဲ ယခုလည်း ဒီဥပဒေပဲ။ သို့သော်လည်းပဲ ဒီဥပဒေကို ဒီလိုတွေရှိပါတယ် ဆိုတဲ့ဟာကိုလည်းပဲ UEC အနေနဲ့ နိုင်ငံရေးပါတီတွေကို ထပ်မံပြီး တော့ အသိပေးမှုတွေ လုပ်ထားပြီးသား ဖြစ်တယ်။ အဲဒီအပေါ်မှာ လေးစားလိုက်နာမှု မရှိတဲ့ အတိုင်းအတာတွေ ဖြစ်လာတယ်ဆိုရင်တော့ သူတို့ကလည်းပဲ သူတို့ပို့ထားတဲ့ စာအပေါ်မှာ မူတည်ပြီးတော့ action ပုံစံမျိုး ဝင်လာ တယ်လို့ ကျနော် ဒီလို မြင်ပါတယ်။ အရမ်းကြီးတော့ ခက်ခဲလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဥပမာဆိုကြပါစို့ အခြေအနေ အချိန်အခါပေါ်မှာ မူတည်ပြီးတော့ တင်ပြတောင်းခံနိုင်မှုတွေ ရှိပါတယ် ရှိလိမ့်မယ်လို့ ထင်တယ်။ သူ့ရက်ပိုင်းခြား သတ်မှတ်ထားတာတော့ မကြားဖူးဘူး။ ပြောချင်တာက ဘာလဲဆိုတော့ အလွတ်မဲ့ကြီး လုပ်တာ စာလို့ရှိရင် သူတို့ဆီ တင်ပြတယ် အကြောင်းကြားတယ် ဒါမျိုးတွေနဲ့ အပြန်အလှန် ထိန်းကျောင်းထားတဲ့ သဘော ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

နိုင်ငံ‌ရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တစ်ခုခု (သို့) လူပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့များ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း မပြုရေးကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။ 

UEC ၏ ပြည်ပသံတမန်များနှင့် တွေ့ဆုံရန် ကန့်သတ်ချက်သည် နိုင်ငံရေးပါတီများ အပေါ် ခေါင်းကိုင်ဖခင် သဖွယ် ပြုမှုနေကြောင်း၊ နိုင်ငံရေးပါတီများ၏ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ခြင်းက ပြည်သူ၏ လွတ်လပ်ခွင့်ကိုပါ ထိခိုက်စေ ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။