CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာ တင်ပြခဲ့သော ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်း စဉ်းစားသင့်သည့် သက်သေအဆင့်အတန်း မမီကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က လျှောက်လဲခဲ့သည်။
မြန်မာနိုင်ငံကို လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲပြီး ICJ မှာ တရားစွဲဆိုထား သောအမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကြားနာစစ်ဆေးလျက်ရှိသည်။
ထို့နောက် မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်တွင် ပထမအကြိမ် လျှောက်လဲမှုကို စတင်ခဲ့သည်။
မြန်မာ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က “ ဂမ်ဘီယာ အနေဖြင့် ဤအမှုတွင် အဓိက အားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့(Fact Finding Mission-FFM)၏ အစီရင်ခံစားများနှင့် ၎င်းက စုဆောင်း ကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်း စဉ်းစားသင့်သည့် သက်သေအဆင့်အတန်း မမီပါကြောင်း” လျှောက်လဲခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး အတွက် သက်သေ စုဆောင်းမည့် အဖွဲ့အစည်း တစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည့်ကာလအတွင်း ယခုအမှု အတွက် သက်သေထွက်ဆိုချက် ၄၂ ခုသာ ထောက်ပံ့ပေးနိုင်ပြီး ယင်းတို့အနက် ဂမ်ဘီယာက ၁၂ ခုကိုသာ ကိုးကား ထားကြောင်း ၎င်းက ပြောသည်။

သည်ဟိဂ်မှာ မြန်မာ-ဂမ်ဘီယာ တရားရင်ဆိုင်နေကြစဉ်
မြန်မာနိုင်ငံအနေဖြင့် အထက်ပါ အဖွဲ့အစည်း နှစ်ခုလုံးကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော် လည်း ဂမ်ဘီယာ၏ သက်သေအကိုးအကားများကို ချေဖျက်ရုံမျှသာ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း မြန်မာ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က ချေပလျှောက်လဲခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Ms.Leigh Lawrie KC က ARSA အဖွဲ့ ဖြစ်ပေါ်ပြောင်းလဲလာပုံ၊ စုဖွဲ့ လေ့ကျင့်မှု၊ အရပ်သားများကို အင်အားစုဆောင်းမှုများအကြောင်း လျှောက်လဲ တင်ပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် အာဆာ၏ စနစ်တကျ ကြိုတင် ပြင်ဆင် ဆောင်ရွက် သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်မှု ချေမှုန်းရေး၊ အခြား လုံခြုံရေး အစီအမံများ တန်ပြန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက လျှောက်လဲတင်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် ARSA(အာဆာ)အကြမ်းဖက်အဖွဲ့မှ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က နယ်ခြား စောင့်တပ် ကင်းစခန်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ဟိန္ဒူနှင့် ရခိုင်မျိုးနွယ်စုများကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီ ၇ သိန်းဝန်းကျင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသည်။
အဆိုပါ အခြေအနေကို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟုဆိုကာ စွပ်စွဲ၍ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ မှာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
