CNI International News

တိုကျို၊ ဇန်နဝါရီ ၁၃

ဂျပန်နိုင်ငံ၏ သတ္တုတူးဖော်ရေး သင်္ဘောတစ်စင်းသည် မြေရှားသတ္တုများ ကြွယ်ဝသည့် ရွှံ့ညွန်များကို စူးစမ်း ရှာဖွေရန် ဝေးလံခေါင်သီသော သန္တာကျွန်းတစ်ခုသို့ ဇန်နဝါရီ ၁၂ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဂျပန်အစိုးရသည် အရေးပါသော တွင်းထွက် သတ္တုများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေပြီး တရုတ်နိုင်ငံဘက်ကလည်း သတ္တုများ တင်ပို့ရောင်းချမှုကို တင်းကျပ်ထားချိန်တွင် ဂျပန်က ကမ္ဘာ့ ပထမဆုံးအဖြစ် ရေနက်ပိုင်း၌ သတ္တုစမ်းသပ် တူးဖော်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

တိုကျို (Tokyo) မြို့တော်၏ အရှေ့တောင်ဘက် ၁,၉၀၀ ကီလိုမီတာ (၁,၂၀၀ မိုင်) အကွာရှိ မီနာမီတိုရီ (Minamitori) ကျွန်းအနီးတွင် ချီကျူး (Chikyu) အမည်ရှိ ထိုသင်္ဘောသည် တစ်လကြာ လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထိုသင်္ဘောသည် ပင်လယ်ရေအောက် ၆ ကီလိုမီတာအနက်မှ မြေရှားသတ္တုများ ပါဝင်နေသည့် ရွှံ့ညွန်များကို သင်္ဘောပေါ်သို့ အဆက်မပြတ် ဆွဲတင်ရန် ကမ္ဘာ့ပထမဆုံး ကြိုးပမ်းသည့် စမ်းသပ်ချက် ဖြစ်လာမည်ဖြစ်သည်။

ရေနက်ပိုင်း မြေရှားသတ္တု ရှားဖော်နေစဉ်

ဂျပန်နိုင်ငံသည် ၎င်း၏ အနောက်နိုင်ငံ မဟာမိတ်များကဲ့သို့ပင် ကားများ၊ စမတ်ဖုန်းများနှင့် စစ်ဘက်ဆိုင်ရာ ကိရိယာများ ထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သော မြေရှားသတ္တုများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချလျက်ရှိသည်။

ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်နှင့် တရုတ်ကြား သံတမန်ရေးရာ အငြင်းပွားမှုများ ပြင်းထန်နေသည့် အချိန် တွင် ယခုကြိုးပမ်းမှုသည် ဂျပန်အတွက် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုကတော့ စက်မှုလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုတွေကို တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်ဖို့အတွက် မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက် တစ်ခုကို ထူထောင်ဖို့ ဖြစ်ပါ တယ်” ဟု ဂျပန်အစိုးရက ထောက်ပံ့ပေးထားသည့် စီမံကိန်း၏ အကြီးအကဲဖြစ်သူ ရှိုအီချီ အီရှီအီ (Shoichi Ishii) က သတင်းထောက်များကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် သီတင်းပတ်က အရပ်ဘက်-စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သော တွင်းထွက် သတ္တုများ အပါအဝင် ဂျပန်စစ်တပ်အတွက် ရည်ရွယ်သည့် ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။

ထို့ပြင် တရုတ်အစိုးရသည် ဂျပန်နိုင်ငံသို့ မြေရှားသတ္တု တင်ပို့မှုများကို ပိုမိုကျယ်ပြန့်စွာ ကန့်သတ်ရန် စတင်နေပြီ ဖြစ်ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံသည် တရုတ်၏ ပိတ်ပင်မှုကို ရှုတ်ချခဲ့သော်လည်း  Wall Street Journal ၏ ဖော်ပြချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ 

တရုတ်နိုင်ငံဘက်ကလည်း ထိုသတင်းကို အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိသေးပေ။  

Source: South China Morning Post