CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

မြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းများအနေဖြင့် ယခုနှစ်တွင် ပုသိမ်ထီးအမှာစာ ရရှိမှုသည် ပြီးခဲ့သည့်နှစ်ထက် နည်းပါးလျက် ရှိနေသည်ဟု ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

နှစ်စဉ် ယခုကာလသည် ပုသိမ်ထီး မှာယူမှု အများဆုံးလဖြစ်သော်လည်း လက်ရှိတွင် ပုသိမ်ထီး လာရောက် မှာယူ မှုသည် ထက်ဝက်ခန့် ကျဆင်းနေကြောင်း၊ အမှာစာ ရရှိမှု နည်းပါးခြင်းကြောင့် အလုပ်သမားများမှာလည်း တခြား သော အလုပ်များကို ပြောင်းလဲလုပ်ကိုင်လာကြသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ အနန္တမေတ္တာ ပုသိမ်ထီးလုပ်ငန်း တည်ထောင်သူ မသူသူစိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနှစ်ကတော့ အရင်နှစ်ကထက်စာရင် ပါးတယ်။ ပုံမှန်ဆိုရင်တော့ ဒီပြင် ထီးသမားတွေ ဘာတွေ အကုန် လုံး ကြားသိရတာတော့ အနည်းဆုံး ဥပမာပြောရရင်တော့ တစ်လကို ၁၀၀၀ လောက် ရှိတယ်ဆိုရင် အခုလတွေ မှာ ဒီနှစ်တွေမှာဆိုရင် ၅၀၀ လောက်ပဲ ရှိတယ် ဥပမာပြောပြတာပေါ့။ အဲဒီလို ပုံမှန်တော့ ပျမ်းမျှ သွားနေတယ်။ ဘာလို့ဆို အရောင်းအဝယ် အရမ်းပါးတော့လေ။ အရင် ၁၀၀၀ ရောင်းရင် အခု ၅၀၀ လောက်ပဲ အမှာရှိတော့ အဲဒီ လိုပဲ လုပ်နိုင်တယ်။ အလုပ်သမားတွေလည်း အဆင်မပြေဘူးပေါ့နော်။ အလုပ်သမားတွေလည်း စောင့်ပြီးတော့ သူတို့လည်း စားဝတ်နေရေးရှိတော့ မလုပ်နိုင်ကြတော့ဘူးလေ။ သူတို့လည်း ဒီပြင်အလုပ်တွေ ရှာကြတယ်။ အလုပ်သမားဦးရေလည်း နည်းလာတယ်။ အမှာစာတွေလည်း နည်းလာတယ် အခြေအနေ အဖက်ဖက်တွေ ကြောင့်ပေါ့” ဟု ပြောသည်။

ပုသိမ်ထီး လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

မြန်မာ့လက်မှု ထုတ်ကုန်ဖြစ်သည့် ပုသိမ်ထီးကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဓိက ထုတ်လုပ်ပြီး လက်ရှိ၌ မှာယူမှု နည်းပါးနေခြင်းကြောင့် တချို့သော ပုသိမ်ထီးလုပ်ငန်းများမှ ရပ်နားမှုများလည်း ရှိလာသည်ဟု သိရသည်။

ထို့အပြင် အလုပ်သမား ရှားပါးခြင်းကြောင့် အလုပ်သမားခ ဈေးနှုန်းများမှာလည်း မြင့်တက်လာကြောင်း ပုသိမ်ထီး လုပ်ငန်း တည်ထောင်သူများက ပြောသည်။

ထို့နောက် ပုသိမ်ထီး ပြုလုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းများမှာလည်း ယခင်ထက် ဈေးနှုန်းမြင့်တက်မှုများ ရှိလာခြင်းကြောင့် ပုသိမ်ထီးလုပ်ငန်းတချို့ ရပ်တည်ရန် ခက်ခဲလာကြသည်။

ပုသိမ်ထီး အမှာစာများ ဝင်ရောက်သည့် ကာလသည် ၂ ခန့်သာ ကျန်ရှိတော့ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် ပုသိမ်ထီး အမှာစာ နည်းပါးသည့် အခြေအနေသည် ပြန်လည်ကောင်းမွန်ရန် မျှော်လင့်၍ မရတော့ကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလ နောက်ပိုင်းသည် ပုသိမ်ထီးများ ရောင်းအားကျဆင်းသည့်လ ဖြစ်သည်ဟု ပုသိမ်ထီး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပုသိမ်ထီး လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

၎င်းက “အခြေအနေက အခု ၂ လပိုင်းဆိုတော့ ထိုင်ကုန်(အလွန်ဆုံး) ၂ လလောက်ပဲ ရှိတော့တဲ့အတွက် တအားကြီး ကောင်းလာစရာတော့ သိပ်မရှိဘူး။ အမှန်တကယ် ဒီလိုအချိန်ဆို ဟိုးအရင် နှစ်တွေကဆို အရမ်းကို ရောင်းရတဲ့ လတွေပေါ့ ဒီလတွေက။ အခုချိန်မှာတောင် ဒီလောက်ပါးနေတာဆိုတော့ နောက်ထပ်လည်း ၂ လလောက်ပဲ ကျန်တော့မှာဆိုတော့ တအားကြီး ကောင်းလာဖို့တော့ မမြင်ဘူးပေါ့နော်။ ၄ လပိုင်းလောက်ဆို အကုန်လုံး အရောင်းအဝယ် ပြန်ပါးသွားပြီလေ။ ၄ လပိုင်းကုန်ပြီဆိုရင် မိုးတွင်းဘက် လုံးဝ အရောင်းအဝယ် ရပ်သွားပြီ၊ ပါးသွားပြီ။ ၅၀၀ လောက် ရောင်းနေတဲ့သူတောင်မှ တစ်လကို ၁၀၀၊ ၂၀၀ ရောင်းရဖို့ မနည်း။ ၁၀၀၀ ရောင်းတဲ့ သူဆိုရင်လည်း ၃/၄၀၀ ရောင်းရဖို့ မနည်း အဲဒီလို ဖြစ်သွားတာ။ ဒါကတော့ သူ့ရဲ့ နှစ်စဉ် ကြုံတွေ့ရတဲ့ အခြေအနေပေါ့” ဟု ပြောသည်။

ပုသိမ်ထီး အမှာအများဆုံး ရရှိသည့်လသည် စက်တင်ဘာလမှ ဧပြီလအထိဖြစ်ပြီး ကျန်သည့်လများမှာ အမှာစာ နည်းပါးလျက်ရှိသည်။

ပုသိမ်ထီးကို ကိုဗစ် ၁၉ မဖြစ်ပွားခင်ကာလတွင် ပြည်ပဈေးကွက်သို့ တင်ပို့မှုများ ရှိသော်လည်း လက်ရှိမှာတော့  ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် စသည့် ပြည်တွင်းဈေးကွက်သာ အဝယ်ရှိတော့ကြောင်း သိရသည်။

ပုသိမ်ထီးကို အလှူမင်္ဂလာနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုကြပြီး ဟိုတယ်နှင့် ကုမ္ပဏီများ၌ အလှဆင်ကြ သလို နိုင်ငံခြားသား ခရီးသွားဧည့်သည်များက မြန်မာပြည် အမှတ်တရ လက်ဆောင်အနေဖြင့် ဝယ်ယူလေ့ရှိ သည်။