CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
မြန်မာနိုင်ငံတွင် မေလ ၁၂ ရက်နေ့မှစ၍ လေဆိပ်အခွန် တိုးကောက်မည်ဖြစ်ကြောင်း ကြေညာထားခြင်းကြောင့် ခရီးသွားကဏ္ဍကို ထိခိုက်နိုင်လားဆိုသည့်အပေါ် ခရီးသွားလုပ်ငန်းရှင်များကြား ထောက်ပြလျက်ရှိနေသည်။
လေဆိပ်အခွန် တိုးကောက်မှုကို မလုပ်သင့်ကြောင်း၊ လေဆိပ်အခွန် တိုးကောက်ခြင်းက ခရီးသွားများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုဟာ(အဆင်မပြေ)ဖြစ်တာပေါ့ အမှန်က ၃ လလောက် ကြိုလုပ်ရမှာ ဘာလို့ဆို အထူးသဖြင့်တော့ လေယာဥ်လက်မှတ်တွေ ထုတ်ထားတဲ့ အတွက်ကြောင့် မူလ လေယာဥ်လက်မှတ်မှာ ၁၀ ဒေါ်လာ ထည့်ထားပြီး သားပေါ့၊ ဒါပေမယ့် ၁၅ ဒေါ်လာဖြစ်သွားတော့ မူလလေယာ ဥ်လက်မှတ်မှာ ၅ ဒေါ်လာ ထည့်ပေါင်းရမှာပေါ့။ ပေါင်းရတဲ့ခါကြတော့ ဗမာပြည်က Tourism outbound တွေရော နောက် နိုင်ငံခြားသားဆိုတော့ပေါ့နော် သူတို့ ထပ်ပေးရတဲ့ဟာ ပြတာမျိုးတော့ ဒါနည်းနည်း မတည်ငြိမ်မူတွေ ကုန်ကျစရိတ်တွေလည်း ထပ်ရှိနေမယ်ဆိုရင် တော့ ဒါကြီးက Image အနေနဲ့ မကောင်းဘူးပေါ့”ဟု ပြောသည်။
လေဆိပ်ဝန်ထမ်းများကိုတွေ့ရစဉ်
သက်ဆိုင်ရာက လေဆိပ်အခွန် တိုးကောက်မည်ဟု သတ်မှတ်လာသော်လည်း မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၏ ဝန်ဆောင်မှုများသည် ခရီးသွားများအတွက် စိတ်ကျေနပ်စေသော ဝန်ဆောင်မှုများ မပေးနိုင်ဘဲ ဖြစ်နေသည်ကိုလည်း ဖြေရှင်းပေးသင့်ကြောင်း ခရီးသွားများက ထောက်ပြကြသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အများသုံး သန့်စင်ခန်းများ ညစ်ပတ်နေခြင်း၊ မိုးတွင်းကာလ မိုးယိုခြင်း၊ လေဆိပ်အတွင်း ပူလောင်ခြင်း၊ ဝန်ထမ်းများ၏ ဆက်ဆံရေးများ ညံ့ဖျင်းခြင်း၊ အများသုံး သောက်သုံးရေတွင် တစ်ခါသုံး ရေခွက်များ မလုံလောက်ခြင်း အပါအဝင် တခြားသော ကိစ္စရပ်များကို ခရီးသွားများ ကြုံတွေ့နေကြရ သည်။
လေဆိပ်အခွန် တိုးကောက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် ဝန်ဆောင်မှုကိုလည်း ပေါ်လစီတစ်ခု ချမှတ်၍ ဆောင်ရွက်ပေးသင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုတွေ့ရစဉ်
၎င်းက “အဓိက,ကတော့ အခွန်တစ်ခု ကောက်ပြီးသွားရင် ဒီအခွန် ကောက်လိုက်တဲ့အတွက် နောက်ဆက်တွဲ ကိစ္စလေးတွေ အပြောင်းအလဲလေးတွေကတော့ ကြုံနိုင်တာပေါ့။ ဒီဘဏ္ဍာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာ အရ ဒီလိုမျိုးတွေပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်။ အဲတော့ ပြည်တွင်းမှာ သက်ရောက်မှုတွေ ရှိနိုင်တယ်ပေါ့နော်၊ ဒါတွေပေါ်မှာ အစိုးရအနေနဲ့ ကြိုစဥ်းစားထားပြီးပြီလား။ ဒီပေါ်မှာရော တကယ်လို့ သက်ရောက်မှုက ပြင်းပြင်းထန် ထန် ဖြစ်သွားမယ်ဆိုရင် စျေးကွက်က မားကပ်စ် စျေးကွက်ကို ဘယ်လိုထိန်းကြောင်းမလဲပေါ့။ ဒါလေးတွေ စဥ်းစားထားဖို့ လိုပါတယ်၊ ဝန်ဆောင်မူကတော့ စောနပြောသလို သင့်တင့်မျှတသော ဝန်ဆောင်မှုရှိရမယ်ပေါ့။ အခွန်တိုးကောက် လိုက်ပြီးဆိုတော့ ဒါကတော့ ပိုပြီးတော့မှ ပေါ်လစီ ဝန်ဆောင်မှု ဖြစ်ရမှာပေါ့နော်။ ဒါကတော့ အခွန်တိုးကောက်မှ ဝန်ဆောင်မှုက ဖြစ်သင့်တာမဟုတ်ဘူး အရင်ကတည်းကိုက ကျနော်တို့ သင့်တင့်မျှတတဲ့ ဝန်ဆောင်မှုတွေ ရှိရမယ်ပေါ့၊ အခွန်တိုးကောက် လိုက်ပြီးဆိုတော့ ဝန်ဆောင်မှုကတော့ ပိုလည်းကောင်းအောင် လုပ်သင့်တာပေါ့”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှစ၍ ခရီးသည်ဝန်ဆောင်ခ(PSC)အနေဖြင့် နိုင်ငံတကာ ထွက်ခွာမှုအတွက် ၂၅ ဒေါ်လာ၊ ပြည်တွင်း ထွက်ခွာမှုတွင် ၁၅,၀၀၀ ကျပ်အထိ ချိန်ညှိပေးမှာဖြစ်သည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်လေဆိပ် ဝန်ဆောင်မှု အခွန်သည် ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ပြည်တွင်း ခရီးများအတွက် ယခင်က ကျပ် ၃၀၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါမှာတော့ ကျပ် ၁၅,၀၀၀ တိုးကောက်လိုက်ခြင်းကြောင့် ၅ ဆ နီးပါး တိုးမြှင့်သွားကြောင်း သိရသည်။