CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂
မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ငလျင်ဘေးဒဏ်ကြောင့် ကုန်ပစ္စည်းတချို့ စျေးနှုန်းမြင့်တက် သွားရခြင်းသည် ရောင်းလိုအားနှင့် ဝယ်လိုအားမမျှတခြင်းကြောင့်ဖြစ်သလို ကုန်သည်များ၏ မတော်လောဘ ကြောင့်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦး မှ CNI သတင်းဌာနကို ပြောသည်။
ငလျင်ဒဏ်ကြောင့် သီးနှံစိုက်ပျိုးမြေဆီလွှာပျက်စီးခြင်းများ၊ ဆောက်လုပ်ရေးပစ္စည်းလိုအပ်ချက်များ၊ လမ်းတံတား ပျက်စီးမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အဲများ အစရှိသည်တို့ကြောင့်လည်း ယခုလို စျေးနှုန်း မြင့်တက်သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။
“အဓိက အကြောင်းအရင်းပေါ့ နောက်တခုကတော့ ဒီ ကုန်သည်တွေရဲ့မတော်လောဘလည်းပါနိုင်တယ်။ ဥပမာ- ဆောက်လုပ်ရေးပစ္စည်းတွေဆိုလို့ရှင်ရင် ငလျင်ဒဏ်လုံးဝမဖြစ်တဲ့ မကွေးတိုင်းလိုနေရာမျိုးမှာ ဘာမဆိုင်ညာမ ဆိုင် ဒီ ဘိလပ်မြေဈေးတွေတက်တာပေါ့။ ဒါမျိုးကျတော့ ဒီ ရောင်းလိုအားဝယ်လိုအားစောင့်နေတယ်လို့ အဲ့ဒေသ မှာကျ ပြောလို့မရဘူးပေါ့နော်။ အဲဒီကျတော့ ဆိုလိုတာက ဒီပစ္စည်းဈေးတက်တာတွေသည် ရောင်းလိုအားနဲ့ဝယ် လိုအား မမျှတ တာကြောင့်လည်းဖြစ်နိုင်သလို ဒီ ကုန်သည်တွေရဲ့ လွန်ကဲတဲ့ လောဘကြောင့်လည်း ဖြစ်နိုင်တယ်။ ရောင်းလိုအားနဲ့ဝယ်လိုအား မမျှတဘူးဆိုရင်လည်း ဒါ သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပေါ့ အစိုးရလည်း ပါရင်ပါမယ်။ ဥပမာ-ကုန်သွယ်ရေးများအသင်းလိုဟာမျိုးလည်းပါ ရင်ပါမယ်၊ ဒီ ဝယ်လိုအားတက်နေတဲ့ ပစ္စည်း တွေကို အချိန်မီတင်သွင်းနိုင်အောင်ပေါ့နော် ဈေးကွက်ထဲကိုရောက်အောင်လုပ်ပေးသင့်တယ်။ ဒါမှ ပြည်သူတွေက ဒီ ငလျင်ဘေးသင့်တဲ့အတွက် ပစ္စည်းဥစွာတွေနဲ့ အိုးအိမ်ဆုံးရှုံးထားတယ်ဆိုတဲ့ ပြည်သူလူထုအပေါ်မှာ ဈေးတက် တယ်ဆိုတဲ့ဒဏ် ထပ်မခံရအောင်ပေါ့နော်” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အရေးပေါ်အခြေနေမျိုးတွင် အစိုးရအနေဖြင့် သက်ဆိုင်ရာကုန်သည်များနှင့် ညှိနှိုင်းခြင်း သို့မဟုတ် ပြည်ပမှ တင်သွင်းသည့် ပစ္စည်းဖြစ်လျှင် အခွန်ကြီးကြပ်မှု မူဝါဒများအား အပြောင်းအလဲ လုပ်ပေးခြင်း၊ သွင်းကုန်ပို့ကုန် မူဝါဒများကို ခြွင်းချက်အနေဖြင့် အပြောင်းအလဲ လုပ်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်းများ သက်သာစေရန် လုပ်၍ ရနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒါ့အပြင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်စျေးနှုန်းတက်သည့် ဒဏ်ကို ပြည်သူလူထုက ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နေကြရသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနကို ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားတယ်။ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းသွားတယ်။ ဒီ အသီးအရွက်စိုက်ပျိုး တဲ့ လူတွေ တနေရာက တနေရာ သယ်ရတယ်ပေါ့။ သယ်ရတဲ့ အခက်အခဲတွေ အရမ်းစျေးကြီးသွားတယ်ပေါ့နော်။ အဲဒါကြောင့်အဖက်ဖက်ကပေါ့၊ ကုန်စျေးနှုန်းဆိုတာကလည်း ဒါ စားသောက်ကုန် ကုန်စျေးနှုန်းအကြောင်းကိုပဲ အန်တီ ပြောမယ်လေနော်။ ဆီစျေးကလည်း အထိုက်အလျောက်ကျတာမရှိဘူးပေါ့နော်။ အဲဒီအခါကျတော့ အဲ့တာတွေနဲ့ ပက်သက်ပြီးတော့ အားလုံး ဒါဆုံပြီးတော့ တက်သွားတာ။ ဒါကလည်းအဆန်းမဟုတ်ပါဘူး တက်နေ ကြပါပဲ၊ စျေးနှုန်းက ဒီနိုင်ငံမှာ အမြဲတမ်းတက်နေကြပါပဲ။ ကျတယ်ဆိုတာကို မရှိဘူးနော်။ အစိုးရကလည်း နေပြည်တော်မှာကလည်း ထိခိုက်တာလည်း ရှိတယ်လေ၊ ရှိတော့ နေပြည်တော်ကလည်း သူတို့ရဲ့ လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ဖို့ဆိုတဲ့နေရာမှာ တော်တော်လေးပုံမှန်ပြန်ဖြစ်ဖို့ကို တော်တော်လေးကို ကြိုးစားနေ ရတဲ့ အနေထားရှိတယ်။ ဒါကြောင့်မို့ ဒီအချိန်ကျတော့ အန်တီတို့ကလည်း အစိုးရကို ဘာမလုပ်ပေးဘူး၊ ညာမလုပ် ပေးဘူးဆိုပြီးတော့ ဘယ်လိုပြောမလဲ အပြစ်တင်ချင်တဲ့ စိတ်တောင်မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လည်း တော်တော်လေးကို အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်ပေါ့နော်” ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာ ညိုညိုသင်း က ပြောသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ နေအိမ် ၄၈၈၃၄ လုံးနှင့် ဘုရားစေတီပုထိုးပေါင်း ၅၂၇၅ ဆူ ပြိုကျ ပျက်စီးခဲ့ပြီး ဆည်မြောင်းတမံ ၁၉၈ ခု၊ တံတား ၁၄၈ စင်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်း၊ ရထားလမ်းပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် အမြန်လမ်းမကြီးတလျှောက် အပိုင်း ၁၄၈ ခု ထိခိုက်ပျက်စီးခဲ့သည်ဟု နစက၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။