CNI News 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် ရှိသော စီမံကိန်းများသည် အစိုးရအပြောင်းအလဲများ ဖြစ်သွားတိုင်း ရပ်ဆိုင်းမှုများက မဖြစ်သင့်ဘူးဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ အစိုးရများသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို ဖော်ဆောင်ရာတွင် ရှေ့အစိုးရ လုပ်သွားသည့်ကိစ္စဖြစ်၍ နောက်တက်လာသော အစိုးရက ဖျက်သိမ်းခြင်း၊ ဆိုင်ငံ့ခြင်း၊ ပြန်လည် ဆွေးနွေးမှုအသစ်များ ပြုလုပ်ခြင်းများရှိသည်။

ထိုလုပ်ရပ်အပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများက မကြိုက်နှစ်သက်ကြသလို အယုံအကြည် ကင်းမဲ့မှုများ ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန်ရှောင်လာကြသည်။ 

အစိုးရတစ်ရပ်အနေဖြင့် မည်သည့် အစိုးရလက်ထက်မှာ လုပ်ပါစေ တာဝန်ခံရမည်ဖြစ်ကြောင်း၊ ရှေ့အစိုးရသည် နောက်အစိုးရနှင့်မဆိုင်ဘူးဆိုပြီး ပြော၍မရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြစ်ဆုံစီမံကိန်းကို တွေ့ရစဉ် 

၎င်းက “ပုံမှန်အားဖြင့် ကတော့လေ အစိုးရတစ်ရပ် အနေနဲ့ကတော့ အစိုးရအဆက်ဆက် ဘာပဲဖြစ်ဖြစ် လုပ်ခဲ့တာ မှန်သမျှကို တာဝန်ခံရမယ်ပေါ့။ ရှေ့အစိုးရက ပိုက်ဆံချေးသွားတယ် ရှေ့အစိုးရချေးသွားတဲ့ကိစ္စ နောက်အစိုးရနဲ့ မဆိုင်ဘူးလေဆိုတာ ပြောလို့မရဘူး။ ဒါနိုင်ငံတကာနဲ့ လုပ်တဲ့အလုပ်တွေကို အစိုးရနှစ်ရပ် တည့်ချင်မှတည့်မယ် ဒါပေမယ့် ရှေ့အစိုးရ လုပ်သွားတဲ့ဟာကို နောက်အစိုးရသည် ဘယ်လိုဖြစ်ဖြစ် တာဝန်ခံပြီးတော့မှ လုပ်ရမှာပေါ့ ဒါက ရိုးရိုးလေး စဉ်းစားရင်ကိုသိတဲ့ ကိစ္စပေါ့နော်။ တချို့စီမံကိန်းတွေကကြတော့ သဘောတရားအရ တခြား အချက်အလက်တွေ ပါနေတာပေါ့လေ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က မြန်မာနိုင်ငံ လျှပ်စစ်မီး ဖြန့်ဝေနိုင်ရေးအတွက် တရုတ် အစိုးရနှင့် အကျိုးတူပူးပေါင်း၍ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။

ထို့နောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့်အတူ ရွေးကောက်တင်မြှောက်ခံရသော ဦးသိန်းစိန် အစိုးရတက် လာသည့်အခါမှာတော့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည့်အတွက် မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

အလားတူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်အတူ ရွေးကောက်တင်မြှောက်ခံရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာသည့်အခါမှာလည်း မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ခြင်းမရှိခဲ့သလို လက်ရှိ မြန်မာ့တပ်မတော် က NLD အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်နေချိန်မှာလည်း မြစ်ဆုံ စီမံကိန်း ပြန်မစတင်နိုင်ဘဲ ရပ်ထားရသည်။ 

သီလဝါစီမံကိန်းကို တွေ့ရစဉ်

စီမံကိန်းများနှင့်ပတ်သက်လျှင် အစိုးရအချင်းချင်း ချိတ်ဆက်ပြီး MoU ထိုးထားသည့် စီမံကိန်းပဲဖြစ်ဖြစ် သို့မဟုတ် နိုင်ငံတော်တွင် အကောင်ထည်ဖော်ထားသည့် ပရော်ဂျက်ဘဲဖြစ်ဖြစ် လက်စမသက်နိုင်ခဲ့လျှင် နောင်အစိုးရ တက်လာပြီဆိုပါက ကိုယ့်တိုင်းပြည်နှင့် ၎င်းတို့၌ ချထားသည့် ပေါ်လစီနှင့်ကိုက်ညီမှု ရှိ/မရှိ ပြန်သုံးသပ်ကြသည် ဟု  စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှေ့အစိုးရ လူကိုမကြည့်ပဲနဲ့ ကျနော်တို့က မူနဲ့ပဲ အလုပ်လုပ်ကြဖို့လိုပြီး အတ္တတွေကို ဖယ်ပြီးတော့ တိုင်းပြည် ကောင်းဖို့ပဲ ကြည့်မယ်ဆိုရင် ဒီလိုပရော်ဂျက်တွေ ရပ်သွားစရာ အကြောင်းမရှိဘူး။ ရှေ့လူက လုပ်ခဲ့တဲ့ ပရော်ဂျက် ငါတို့ လက်ထက်ကျရင် ငါတို့လုပ်စရာမလိုဘူး။ လုပ်ခဲ့ရင် သူနာမည်ကောင်း ရသွားမယ်ဆိုပြီးတော့ အတ္တကို‌ ရှေ့တမ်း တင်နေမယ်ဆိုရင်တော့ တိုင်းပြည်က နစ်သထက် နစ်နာသထက် နေအုန်းမှာပဲ သိပ်မကြာခင် မှာလည်း ရွေးကောက်ပွဲလုပ်မယ် အစိုးရတစ်ရပ် တက်လာမယ်ဆိုရင် အရင်တုန်းက စစ်အစိုးရလုပ်ခဲ့လို့ အရင် တုန်းက NLD အစိုးရ လုပ်ခဲ့လို့ အရင်တုန်းက ဘယ်အစိုးရလုပ်ခဲ့လို့ဆိုတဲ့ ခေါင်းစဉ်တွေကို ခဏမေ့ထားပြီးတော့ ငါတို့ကတော့ ဒါလေးကို ပိုကောင်းအောင် လုပ်မယ်ဆိုတာမျိုးနဲ့သွားဖို့ လိုအပ်တယ် အဲလိုမဟုတ်ပဲနဲ့ အရင်လူ လုပ်ခဲ့တဲ့ဟာ နောက်လူ လုပ်စရာမလိုဘူးဆိုတဲ့ အတွေးဝင်နေရင်တော့ အဲလိုခေါင်းဆောင်တွေပဲ ရနေရင်တော့ ကျနော်တို့က ကံဆိုးခြင်း ပြည်သူအဖြစ်ပဲ ခေါင်းစဉ်တပ်ရမှာပါ”ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကနေ တက်လာသည့် အစိုးရအပြောင်းအလဲများကြားတွင်လည်းကောင်း၊ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချ၍ တပ်မတော်က အာဏာရယူပြီး အုပ်ချုပ်သည့် ကာလများတွင်းလည်းကောင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားကြသလို စီမံကိန်းများလည်း ရပ်ဆိုင်းသွားလေ့ရှိသည်။