CNI International News

ဝါရှင်တန်၊ ဇွန်လ ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့သည် အမေရိကန်၏ ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည့် တရုတ်သင်္ဘောများအား ဆိပ်ကမ်း၌ ရပ်နားခများကို အများအပြား ကောက်ခံမယ့် အစီအစဉ်အား ဇွန်လ ၅ ရက်က အပြီးသတ် လုပ်ဆောင်ခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်တင်သင်္ဘောများ ပြေးဆွဲမှုနှင့် ကုန်သွယ် ရေးကို ခြိမ်းခြောက်မှု ဖြစ်လာစေနိုင်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဆိပ်ကမ်းများတွင် သင်္ဘောများရပ်နားခ ကောက်ခံမှုနှင့်ပတ်သက်ပြီး အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန (USTR) က ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၄၂ မျက်နှာပါ ထုတ်ပြန်ချက်ကို တရုတ်သင်္ဘောကုမ္ပဏီများက လေ့လာ သုံးသပ်လျက်ရှိသည်။

ထိုအစီအစဉ်တွင် တရုတ်လူမျိုးများ ပိုင်ဆိုင်သည့် သင်္ဘောများ၊ တရုတ်လူမျိုးများ ဦးစီးလုပ်ကိုင်နေသည့် သင်္ဘော များ၊ တရုတ်လူမျိုးများ တည်ဆောက်သော သင်္ဘောများကို ပစ်မှတ်ထားခဲ့ပြီး ဆိပ်ကမ်းရပ်နားခ နှုန်းထားကို အဆမတန် တိုးမြှင့်ထားသည်။

ကနဦး လေ့လာချက်များအရ ယခင်အဆိုပြုခဲ့သည့် ဆိပ်ကမ်းရပ်နားခ နှုန်းထားထက် ပိုမိုများပြားသည်ဟု ဆိုသည်။

သင်္ဘောကို တွေ့ရစဉ်

(USTR) ၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့် အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က အမေရိကန်၏ အစီအစဉ်သည် သင်္ဘောပြေးဆွဲသော ကုန်ကျစရိတ်များကို မြင့်တက် စေနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆိပ်ကမ်းရပ်နားခများကို တိုးမြှင့်ခြင်းသည် အခြားနိုင်ငံများ ထိခိုက်နစ်နာစေပြီး အမေရိကန် ပြည်တွင်း မှာလည်း လောင်စာဈေးနှုန်း ဖောင်းပွဲမှုများ ဖြစ်စေလိမ့်မည်ဟု ၎င်းက ဆိုသည်။

“ဒီအစီအစဉ်က အမေရိကန်ရဲ့ သင်္ဘောလုပ်ငန်းကဏ္ဍအတွက် အထောက်အကူ ဖြစ်စေမှာ မဟုတ်ပါဘူး”ဟု လင်က ဇွန်လ ၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် မိမိတို့၏ တရားဝင်မှုရှိသည့် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော အစီအမံများ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

USTR ၏ ဝက်ဘ်ဆိုက်တွင် တင်ပြထားသည့် ထိုအစီအစဉ်၌ အမေရိကန်၏ ပြည်တွင်း ပို့ကုန်ကဏ္ဍမှ စီးပွားရေး လုပ်ငန်းများအတွက် ရက်ပေါင်း ၁၈၀ ကြာ ကင်းလွတ်ခွင့်ပေးထားပြီး တရုတ်စီးပွားရေး လုပ်ငန်းများနှင့် သင်္ဘော များကိုမူ သင်္ဘောရပ်နားခများ တင်းကျပ်စွာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။

Source: South China Morning Post