CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀

တရုတ်သည် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ အများအပြား ဖော်ဆောင်နေခြင်းက စီးပွားရေးအရ ချဉ်းကပ်နေခြင်းလား သို့မဟုတ် မဟာဗျူဟာ အကျိုးစီးပွားအတွက် ချဉ်းကပ်နေခြင်းလား ဆိုသည့် အပေါ် ပြည်သူလူထုအကြား မေးခွန်းများထုတ်နေကြသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ၇၅ နှစ်မြောက်ရှိပြီးဖြစ်ကြောင်း၊ တရုတ်၏ မြန်မာနိုင်ငံအပေါ် သဘော ထားကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်က ကြိုဆိုလက်ခံထားသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲသွားသည့် မြန်မာ့နိုင်ငံရေးနှင့် စစ်ရေး အခင်း အကျင်းတွင် တရုတ်နိုင်ငံသည် ထည်ထည်ဝင်ဝင် ပါဝင် ပတ်သက်လာပြီး သြဇာလွှမ်းမိုးလျက် ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံ‌‌ရေး၊ စစ်ရေး မငြိမ်မသက် ဖြစ်နေသရွေ့ တရုတ်-မြန်မာ စီးပွားရေးသည် လုပ်ဆောင် ၍ မရကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး အခွင့်အလမ်း ဆိုသည်ထက် မဟာဗျူဟာ အခွင့် အလမ်းဖက်ကို ပိုနေသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦး‌ဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။ 

တရုတ်ခရီးစဉ်တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ဗမာပြည်ထဲမှာ အချင်းချင်းတွေ သပွတ်အူ ဖြစ်နေသရွေ့ကတော့ တရုတ်ရဲ့ အနောက်တံခါးကပွင့်မှာ မဟုတ်ဘူးလေ၊ သူ့ရဲ့ စီးပွားရေးတွေ လုပ်လို့ရမှာ မဟုတ်ဘူး။ သူက အနောက်တံခါးက သဘောက ရှမ်းမြောက်ကို ဖြတ်ရမယ်။ စစ်ကိုင်း၊ မကွေး ဖြတ်ရမယ်၊ နောက်တစ်ခါ ရခိုင်ဖြတ်ရမယ်၊ အနောက်တံခါးက ဒီထဲမှာ ဘယ်လို ခေါ်မလဲ သပွတ်အူ ဖြစ်နေသရွေ့က သူ့အလုပ်က လုပ်လို့မရဘူး။ လုပ်လို့မရဘူးဆိုတာ သူ့အတွက်က ကျတော့ စီးပွားရေး အခွင့်အလမ်းဆိုတာထက် မဟာဗျူဟာ အခွင့်အလမ်းက ကျနော့် အမြင်က တရုတ်က ပိုတာပေါ့။ စီးပွားရေး အခွင့်အလမ်းဆိုတာက တရုတ်ရဲ့  Total Investment Volume နဲ့ Data တွေတော့ မမှတ်မိတော့ဘူး ဒါပေမယ့် မှတ်မိတာ တစ်ခုရှိတာက တရုတ်ရဲ့ (Total Investment, Oversea investment Total Investment) နဲ့ ဗမာပြည်ထဲမှာ တရုတ်လုပ်ထားတဲ့ Investment နှိုင်းယှဥ်လို့ရှိရင် ဒီထဲမှာ ဘာမှမရှိဘူး၊ အဓိက,ကတော့ လောလောဆယ် Business အကျိုးစီးပွား၊ Economy အကျိုးစီးပွားလည်း ပါတော့ပါတာပေါ့။ အဓိကကတော့ (Strategic) အကျိုးစီးပွားပေါ့။ သူကတော့ ပြောချင်တာက short to the point ပြောရင်တော့ တရုတ်က ဗမာ ပြည်ထဲမှာ အလုပ်လုပ်လို့ရတဲ့ အနေအထား ဖြစ်ချင်တာပေါ့၊ ဒါမှ သူလက်ရှိ ရွှေ့လို့ရမှာပေါ့” ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်သည် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်သုံးဖွဲ့(MNDAA, AA, TNLA)ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး ဖိအားပေး၍ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေသလို မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်‌ရေး လမ်းကြောင်းပေါ်မှ မြို့များ မြန်မာ့တပ်မတော်ထံ ပြန်လွှဲပေးရန်လည်း ဖိအားပေးလျက်ရှိသည်။ 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အားကိုးစရာဆိုသည်မှာ တရုတ်သာ ရှိသည့်အတွက် တရုတ်နိုင်ငံဘက်မှ မည်သည့် အကူအညီတောင်းတောင်း လိုက်လျောနေရသည့် အခြေအနေ ဖြစ်နေသည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

တရုတ်-မြန်မာ နယ်စပ်ကို TNLA က စောင့်ကြည့်နေစဉ် 

၎င်းက “လိုက်လျော‌ပေးရမှာပဲလေ၊ သူ့မှာ တခြား ဘယ်သူရှိလို့လဲ အဲ့ယူနန်ပြည်နယ်က ထုတ်တဲ့  စာရင်းဇယား တွေကလေ ကျမလည်း တော်တော်အံ့အားသင့်တယ်၊ ယူနန်က ဗီယက်နမ်နဲ့လုပ်တဲ့ ကုန်သွယ်ရေး စာရင်းဇယား နော်၊ ပြီးရင် ယူနန်က လာအိုနဲ့လုပ်တဲ့ စာရင်းဇယား၊ ဗမာပြည်ရဲ့ ၁၀ ပုံ ၁ ပုံလောက်၊ ၅ ပုံ ၁ ပုံ လောက်တွေပဲ ရှိ တယ်။ ဗမာပြည်နဲ့လုပ်တဲ့ ယူနန်ပြည်နယ်ရဲ့ စီးပွားရေးက နည်းတဲ့စီးပွားရေး မဟုတ်ဘူး။ ဖြစ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ ဗမာပြည်မှာ အားကိုးစရာ တရုတ်ပဲရှိတာကို ဗီယက်နမ်တို့ လာအို့တို့ကျတော့ တခြားနိုင်ငံနဲ့လည်း လုပ် နိုင်တယ်။ ဒါကြောင့်မို့လို့ သူတို့က ယူနန်ကို ကုန်သွယ်ရေးမှာ ဂရုစိုက်တာပေါ့။ ဗမာပြည်ကျတော့ သူတို့ရဲ့ အသက်ရှူပေါက် ချောင်စရာက ယူနန်ပဲ ယူနန်နဲ့ ဆက်ဆံ‌ရေးကောင်းဖို့ပဲ ဖြစ်တာကို။ ဒါကြောင့်မို့လို့ တောင်း သမျှ ပေးနေရသလို ဖြစ်တာပေါ့။ တရုတ်က ဘာအကူအညီ တောင်း‌တောင်း ပေးနေရသလို ဖြစ်တာပေါ့။ အဲ့တော့ တရုတ်ကလည်း ဒါကြောင့်မလို့ ဗမာပြည်ကြီး အေးချမ်းမှ ငြိမ်းချမ်းမှ ပြည်သူတွေငြိမ်မှ သူတို့ရဲ့ စီမံကိန်းတွေက ကောင်းနိုင်မှာ ဖြစ်တာကို” ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများလည်း ရပ်တန့်ထားရသည်။

ထို့ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံအတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၊ တရုတ်၏ စီမံကိန်းများ၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လုံခြုံစိတ်ချစေရန် ဆောင်ရွက်ပေးရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ တွေ့ဆုံစဥ် ပြောကြားခဲ့သည်။