CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နှင့်ထိုင်းနိုင်ငံ ကုန်သွယ်မှု ပြုလုပ်နေသည့် ထားဝယ်-ထီးခီး နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအတွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကုန်သည်များအနေဖြင့် ကုန်သွယ်မှုများကို မပြုလုပ်ဘဲ ရပ်တန့် နေရသည်ဟု ကုန်သည်များက ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ တခြားသော လမ်းကြောင်းများဖြင့် ကုန်သွယ်ရန် ညွှန်ကြားမှုများ ရှိသော်လည်း လုံခြုံရေးအရ ကုန်သွယ်မှုများကို ရပ်တန့်ထားရကြောင်း ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစကတော့ နည်းနည်းပါးပါး သွားနေကြသေးတာပေါ့။ နောက်မှ ဟိုပစ် ဒီပစ်တွေ ရှိတယ်။ ပစ်ခတ်မှုတွေက များလာ တော့ အသွားအလာတွေ ရပ်တန့်သွားတဲ့ သဘောပေါ့။ လက်ရှိကတော့ လုံခြုံရေးအရပေါ့နော် လုံခြုံရေးအရ မသွားကြတာ။ မသွားကြသလို ဖြစ်နေတာပေါ့နော်။ လုံခြုံရေးအရပဲ ပြောရမှာပေါ့။ ဟိုဘက် ဒီဘက်ကတော့ အဲဒီလို ကြေညာနေကြတာ။ လုံခြုံရေးအရ သူတို့က ဘယ်လို ဘယ်လိုသွား ဘာညာ သူတို့ ပြောနေတဲ့ဟာတော့ ရှိတာပေါ့။ ပြောနေတဲ့ အခြေအနေရှိပေမယ့် လူတွေက မသွားရဲတော့တာပေါ့နော်။ လတ်တလော အသွားအလာ မရှိကြဘူး အဲလိုဖြစ်နေတယ်” ဟု ပြောသည်။

တပ်မတော်နှင့် KNLA၊ PDF အဖွဲ့များ၏ တိုက်ပွဲများကြောင့် ထားဝယ်-ထီးခီး နယ်စပ် ကုန်သွယ်မှုကို ဧပြီ ၂၄ ရက်နေ့မှစ၍ ကုန်သွယ်မှု မပြုလုပ်ကြဘဲ ရပ်တန့်နေကြကြောင်း ကုန်သည်များထံမှ သိရသည်။

ထားဝယ်-ထီးခီး ကုန်သွယ်ရေးလမ်း

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ရပ်တန့်သွားခြင်းကြောင့် ထားဝယ်ဒေသအတွက် လတ်တလောတွင် ထိခိုက်မှု အနည်းငယ်သာ ရှိသေးသော်လည်း ရက်ကြာရှည်စွာ ကုန်သွယ်မှု ရပ်တန့်ထားရမည်ဆိုပါက အခြေအနေကို ပြောဆိုရန် ခက်ခဲကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “လက်ရှိကတော့ ကျနော်တို့ ဒေသဘက်ကတော့ ထိခိုက်မှုက နည်းနည်းပါးပါးပဲ ရှိမယ်။ ဘာလို့လဲဆိုတော့ ဒီဘက် သွားရောင်းတဲ့ ဟာတွေက ငါးသမားကလည်း အခု ငါးဖမ်းရာသီ ပိတ်ထားတယ်။ အခု ဖြစ်ခါစ ၃/၄ ရက်ပဲ ရှိသေးတယ်ဆိုတော့ သိပ်ပြီးတော့ ထူးခြားမှုတော့ မရှိသေးဘူး။ မြို့အခံ ရှိသေးတော့ ပုံမှန်အတိုင်းပါပဲ လက်ရှိ အနေအထားလေးပေါ့။ ဒါပေမယ့် ရက်ရှည်ဖြစ်လာရင်တော့ မပြောတတ်သေးဘူးပေါ့နော် ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထားဝယ် - ထီးခီး ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးအရ သွားလာရန် အခက်အခဲ ရှိနေသည့်အပြင် မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းသည်လည်း ပိတ်ထားခြင်းကြောင့် ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကြက်သွန်ကုန်ကား အစီးရေ ၂၀ ကျော် ပိတ်မိ နေကြောင်း သိရသည်။

ထားဝယ်-ထီးခီး ကုန်သွယ်ရေးလမ်း

ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးမှ ဒေသထွက်ကုန်များဖြစ်သည့် ရေထွက်ကုန်များ၊ စိုက်ပျိုးထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေကြောင်း၊ ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီ၊ မီးဖိုချောင်သုံး ဂက်စ်နဲ့ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများကို ပြန်လည်တင်သွင်းလျက် ရှိကြောင်း သိရသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်၌ ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၄၆ ဒသမ ၆၂၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၈၆၄ သန်းနှင့် ကုန်သွယ်မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆၉၁ ဒသမ ၄၈၅ သန်း ကုန်သွယ်မှု ပြုလုပ်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။