CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂

နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ ရှိနေသည်ကို နေ့စဉ်သိရှိနေရကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ ပြောဆိုသွားခြင်းဖြစ်သည်။

နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဘာကြောင့် ဖြစ်လာရသလဲဆိုသည့်အပေါ် စီးပွားရေး လေ့လာသုံးသပ်သူနှင့် ပညာရှင်များအကြား သုံးသပ်ဆွေးနွေးမှုများလည်း ရှိနေသည်။

ယခုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ၏ စနစ်အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦး‌‌‌‌‌‌‌‌ဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

“အဓိကကတော့ system weakness ရှိလို့ တရားမဝင်ကုန်သွယ်မှုဖြစ်ရတာပဲ။ system weakness မရှိရင် တရားမဝင်ကုန်သွယ်မှုကမဖြစ်ဘူး။ တရားဝင်ကုန်သွယ်လို့ easy ဖြစ်တယ်။ convenience ဖြစ်တယ်ဆိုရင် မဖြစ်ဘူးပေါ့။ တစ်ခုပဲရှိတယ် တရားဝင်ကုန်သွယ်မှုမှာ အရပ်သားလိုစဉ်းစားရင် Tax ပဲ။ Tax က မများဘူး သဘာဝကျတယ်ဆိုရင် ဘယ်သူက တရားမဝင်ကုန်သွယ်မှာလဲ။ အဓိကက တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှာ barrier တွေရှိမှာပေါ့။ လုပ်ရတာခက်တာတို့၊ ပါမစ်တွေကြာတာတို့ စသဖြင့်လေ ဒါတွေက system weak ဖြစ်လို့ တရားမဝင်ဆိုတာ ဖြစ်လာတာ။ သာမန်အားဖြင့်ဆို ထိုင်းမှာ တရားမဝင်ကုန်သွယ်တာမရှိဘူး။ ဘာလို့ဆို system ကောင်းနေတာကို။ system ကိုလည်း ပြန်စဉ်းစားရမှာပေါ့။ barrier တို့မရှိဖို့လိုတယ်။ barrier ဆိုတာ အခုအခံ တွေပေါ့” ဟု ၎င်းက ပြောသည်။

တရားမဝင်ကုန်သွယ်မှုဆိုသည်မှာ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ စသည့် တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားသည့်အရာများကို ကုန်သွယ်ခြင်း၊ အစိုးရဌာနဆိုင်ရာမှ ချမှတ်ထားသည့် အဆင့်ဆင့်သို့ မကျော်ဖြတ်ချင်သည့်အတွက် တရားဝင်ကုန်များကို တရားမဝင်ကုန်သွယ်မှုဟူ၍ ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးကားများ

တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားသည့်အရာများကို ကုန်သွယ်မှုအပေါ် အစိုးရအနေဖြင့် ဖမ်းဆီးအရေးယူသင့် ပြီး အစိုးရမှချမှတ်ထားသည့် မူဝါဒများကြောင့် တရားဝင်ကုန်များအား တရားမဝင်ကုန်သွယ်နေကြခြင်းကိုမူ ဖြေလျှော့ကုစားပေး၍ရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“နောက်တစ်ခုကကြတော့ Cost တွေရှောင်ချင်လို့။ တရားဝင်တင်သွင်းလိုက်ရင် လုပ်ရတဲ့ Process တွေ ကလည်း ကြာတယ်။ အခွန်အခတွေကလည်း အများကြီးပေးရမယ်။ quality control တွေကလည်း ရှိမယ်။ FDA လက်မှတ်ရမှ သွင်းလို့ရမယ့်ဆေးတို့ ဒါမျိုးတွေရှိတယ်။ အဲဒီလိုမျိုးဟာတွေကြောင့် အခက်အခဲတွေကို ကျော်ဖြတ်ချင်တာရယ်၊ Cost တွေကိုလျှော့ချချင်တာရယ် အဲဒီရည်ရွယ်ချက်ကြောင့်လည်း သူက Illegal Trade ဖြစ်လာတယ်။ Illegal Product မို့လို့ Illegal ဖြစ်တာကြတော့ ဒါမျိုးကတော့ အစိုးရက ကုစားပေးလို့မရဘူးပေါ့။ ဒါမျိုးကိုတော့ သူက ရအောင်ဖမ်းရမယ်။ တခြားစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ Process တွေကို မဖြတ်ချင်လို့ လုပ်တဲ့ Illegal Trade မျိုးကြတော့ အစိုးရက သေချာလေ့လာ ဘယ်ဟာတွေကတော့ ဖြေလျှော့ပေးလို့ရတယ်၊ ဘယ်ဟာတွေ ကတော့ ဘယ်လိုမျိုး လွယ်ကူအောင်လုပ်ပေးလို့ရတယ်၊ ဘယ်ဟာတွေကတော့ cost လျှော့ချလို့ရတယ်။ ဒါမျိုး စဉ်းစားပြီးတော့ လုပ်ပေးရမှာ။ အဲဒီလို လုပ်ပေးမှပဲ Illegal Trade က ကျသွားမှာ။ အခုအတိုင်းလိုက်ဖမ်းဖမ်း ကြိုက်သလောက်ဖမ်း၊ Illegal Trade က ရှိနေမှာ” ဟု ၎င်းက ပြောသည်။

၎င်းတရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ၏စီးပွားရေးကိုထိခိုက်စေလျက်ရှိခြင်းကြောင့် ကုန်သွယ်မှုနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ မှ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လမ်းခရီး၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေမည့် လုပ်ဆောင်မှုများမရှိအောင် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။