CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စနစ်အသစ် ပြောင်းမည်ဆိုပါ ကလည်း အလုပ်ဖြစ်မည် မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့်ပညာရှင်များက CNI သတင်းဌာန သို့ ပြောသည်။

စီးပွားရေးကဏ္ဍ ကျဆင်းနေမှုသည် ကျင့်သုံးနေသည့် စီးပွားရေးစနစ်ကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ နိုင်ငံရေး မတည်မငြိမ်မှုကြောင့်သာ ကျဆင်းနေခြင်းဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍ တိုးတက်စေရန် စနစ်ပြောင်းလဲ လုပ်ဆောင်မည်ဆိုပါကလည်း အလုပ်ဖြစ်မည် မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာနိုင်ငံရဲ့ အခု စီးပွားရေးပြဿနာဆိုက်နေတာက စီးပွားရေး issue မဟုတ်ဘူး။ နိုင်ငံရေး issue၊ နိုင်ငံရေးက တကယ့်ပစ်စလက်ခက်ဖြစ်နေလို့ စီးပွားရေးမှာလာပြီးတော့ ရိုက်ခတ်တာ။ ဘယ်စီးပွားရေး ပေါ်လစီနဲ့ လုပ်လုပ်၊ သိကြားမင်းကြီး ဆင်းလုပ်လည်း မအောင်မြင်ဘူး ဒီလက်ရှိနိုင်ငံရေး အနေအထားအရ။ ဘာဖြစ်လို့လဲဆို ကိုယ့်နိုင်ငံထဲမှာလည်း လုပ်လို့ကိုင်လို့မရဘူး။ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ် ဒါပေမယ့် လုပ်လို့ကိုင်လို့ မရဘူး။ ထုတ်လုပ်မှုလုပ်မလား အညာမှာ ဘာမှစပါးလည်းစိုက်လို့မရ၊ ကုန်ပစ္စည်းလည်း ထုတ်လို့မရ။ instable ဖြစ်နေ တာ။ အလားတူပဲ ကုန်သွယ်ရေး လုပ်ချင်တယ် နယ်စပ် ဘယ်လိုမှသွားလို့ မရဘူးလေ။ လမ်းပန်း အနေအထား အရရော၊ လုံခြုံရေးအရရောက ဘယ်လိုမှ သွားလို့မရဘူး။ ဆိုတော့ ဘယ်ပေါ်လစီပဲချချ၊ ဘယ်လိုမျိုး support တွေလုပ်လုပ် နောက်နိုင်ငံတကာကလည်း ပိတ်ဆို့ထားတာတွေရှိတယ်” ဟု ပြောသည်။

ဆီ၀ယ်နေတဲ့ အဘွားကိုတွေ့ရစဉ်

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမ စနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။

ခေတ်အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့သည့် သမဝါယမစနစ်ကို ယခုလက်ရှိအချိန်မှာ  ပြန်လည်အသက်သွင်း လုပ်ဆောင် မည်ဆိုပါက တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ မအောင်မြင်သည့်အပြင် တစ်နိုင်ငံလုံး မှောင်ခိုဈေးကွက် ဖြစ်သွားနိုင် ကြောင်း စီးပွားရေးသမားများက ပြောသည်။

ထို့အပြင် သမဝါယမသည် စနစ်မဟုတ်ဘဲ ကဏ္ဍတစ်ခုသာဖြစ်ပြီး စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေး ဖြစ်သည်ဆိုသော အချက်ကို ကွဲပြားစွာသိရှိရန်လိုကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။

အထည်ချုပ်စက်ရုံကိုတွေ့ရစဉ်

၎င်းက "အဓိကကတော့ sector နဲ့ system နဲ့မကွဲဘူး‌ပေါ့။ သမဝါယမဆိုတာ sector ပဲ ကဏ္ဍပဲ။ system မဟုတ် ဘူး။ system ဆိုတာက economic system အဲဒီ economic system ထဲမှာ ပုဂ္ဂလိကရှိမယ်၊ သမဝါယမရှိမယ်၊ အစိုးရပိုင်တာ ရှိမယ်၊ သူက ကဏ္ဍပဲ system မဟုတ်ဘူး။ အဲဒီကဏ္ဍတွေအကုန်လုံးကို control လုပ်ထားတာက အဲဒါကြမှ economic system၊ သမဝါယမကို system လို့ သွားပြောလို့မရဘူး။ sector ပဲ ကဏ္ဍပဲ။ သမဝါယမ ကဏ္ဍဖြစ်ဖြစ် ပုဂ္ဂလိက ကဏ္ဍဖြစ်ဖြစ်၊ နိုင်ငံပိုင် ကဏ္ဍဖြစ်ဖြစ် သူက ဒီစီးပွားရေးစနစ်ကြီးထဲမှာ သွားရတာ။ ဒီကဏ္ဍကြီး ၃ ခုလုံးက ဈေးကွက်စီးပွားရေး စနစ်ဆိုတဲ့ ဘောင်ထဲမှာ သွားရတာ။ ဒါပေမယ့် တစ်ခုရှိတာက အစိုးရ ဦးစီးတဲ့ အရင်းရှင်စနစ်ဆိုတာ ရှိတယ်။ စင်္ကာပူဆိုလည်း state capitalism ပဲ" ဟု ပြောသည်။

မြန်မာနိုင်ငံ၏ GDP စာရင်းတွင် သမဝါယမမှ ထုတ်လုပ်ပေးနိုင်မှုသည် ၁ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ၇၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ အစိုးရကဏ္ဍအနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ခုလုံး၏  စီးပွားရေးကို သမဝါယမစနစ်ဖြင့် ဦးဆောင်ပြီး ပြုလုပ်သည့်နိုင်ငံ မရှိကြောင်း၊ နိုင်ငံအချို့တွင် အောင်မြင်ကြသော်လည်း GDP အရ အနည်းအကျဉ်းသာ ရရှိခြင်းဖြစ်ကြောင်း၊ ကွန်မြူနစ်နိုင်ငံများ အနေဖြင့် နိုင်ငံစီးပွားရေးကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ခဲ့ကြသော်လည်း မအောင်မြင်သည့်အတွက် ဈေးကွက် စီးပွားရေးစနစ်ကို သွားနေကြခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြ သည်။