CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုသည် စစ်ရေးအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ကြောင့် တိုင်းပြည်စီးပွားရေးမှာ ရပ်တန့်နေပြီး တိုးတက်ရေးအတွက် မျှော်မှန်း၍မရသည့် အခြေအနေ ဖြစ်နေ သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs)များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့နောက် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ် စသည့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို ပြည်တွင်း (တိုင်းဒေသကြီးနှင့် ပြည်နယ် အချင်းချင်းကြား) ကုန်စည် စီးဆင်းမှုများလည်း ရပ်တန့်လုနီးပါး ဖြစ်နေသည်။
အဆိုပါ စစ်ရေးအကျပ်အတည်းကြောင့် ပြည်တွင်းတွင် ကုန်စည်ပို့ဆောင်မှု နှောင့်နှေးခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းများ ဖြစ်ပေါ်နေသည့်အပြင် တိုင်းပြည်၏ စီးပွားရေးသည်လည်း ရပ်တန့်နေသည်ဟု Via logistics & supply chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ပို့ကုန်များကို ဆိပ်ကမ်းမှာတွေ့ရစဉ်
၎င်းက “အခုစစ်ပွဲတွေကြောင့် ပထမဦးဆုံး ထိခိုက်တာက logistics supply chain ကို ထိခိုက်တယ်၊ သယ်ယူ ပို့ဆောင်ရေး အပိုင်းပေါ့လေ။ အခုက နယ်စပ်ဒေသတွေအားလုံး ပိတ်သွားတဲ့သဘော ရှိတာပေါ့လေ။ အဲဒါက ပထမဆုံး ဖြစ်ရပ်ပေါ့။ ဒုတိယကျတော့ ပြည်တွင်းပို့ကုန်တွေက မပို့နိုင်တော့ဘူးပေါ့နော်။ ပြည်တွင်းပို့ကုန်တွေ မပို့နိုင်သလို၊ ပြည်ပသွင်းကုန်တွေလည်း မသွင်းနိုင်ဘူး။ အဲဒီတော့ ဒီမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ သက်ရောက်မှု တွေ ခံရတာပေါ့။ နောက်တစ်ခုကတော့ စက်သုံးဆီပေါ့၊ ဒေါ်လာဈေးတွေကြောင့် နိုင်ငံတကာမှာလည်း ရှားပါးတာ ပါတာပေါ့။ စက်သုံးဆီတို့က အဆင်မပြေ ဖြစ်သွားတာပေါ့နော်။ အဲဒီအပိုင်း ၃ ပိုင်းက တော်တော်ထိတယ်။ အဲဒီ အပိုင်း ၃ ပိုင်းကြောင့် ပြည်တွင်းမှာ နေထိုင်တဲ့သူတွေရဲ့ ကုန်ဈေးနှုန်းတွေ၊ ကုန်စည်စီးဆင်းမှုတွေက နှောင့်နှေး တာပေါ့နော်။ logistics ကို ပြန်လည်ပတ်ဖို့က မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ရောင်းဝယ်ရေးနဲ့လည်း ဆိုင်တယ်၊ သယ်ယူပို့ဆောင်ရေးနဲ့လည်း ဆိုင်တာပေါ့လေ။ အဲဒီအပိုင်းမှာ ဘယ်လိုလုပ်လို့ ရလဲဆိုရင် စရိတ်တွေ ကတော့ ပိုသွားတာပေါ့။ ဒီနယ်စပ်ပေါက်က ပိတ်တယ်ဆိုရင် တခြားနယ်စပ်ပေါက်က သွင်းရမှာပေါ့။ အခုက အလုံးစုံ ပိတ်ထားသလိုမျိုး ဖြစ်နေတာလေ။ အဲဒါကို ကျော်လွှားဖို့က သိပ်တော့ မလွယ်ဘူး။ ဒီအချိန်မှာတော့ စီးပွားရေးက ရပ်တန့်နေတယ်။ တိုးတက်ရေးကတော့ မျှော်မှန်းလို့ မရဘူး ဒီလိုပဲ သုံးသပ်ရမယ်” ဟု ပြောသည်။
တိုင်းပြည်စီးပွားရေး ကျဆင်းမှုနှင့်အတူ ပြည်သူများလည်း စားဝတ်နေထိုင်ရေး ကျပ်တည်းလာကြကြောင်း၊ ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် လက်နက်ကိုင် အဖွဲ့အစည်းများမှ တောင်းခံသည့် ငွေကြေးကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကိုလည်း ပြည်သူလူထုမှာ အလူးအလဲ ခံနေရသည်။
ထိုသို့ ကုန်ဈေးနှုန်းကြောင့် မိမိတို့ ရှာထားသည့် ငွေကို အပြည့်အဝ မခံစားနိုင်သည့် အခြေအနေဖြစ်နေပြီး ပြည်သူ့ စီးပွားရေးလည်း ကျဆင်းနေသည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတော်ရဲ့ စီးပွားရေး ကျပ်တည်းတာနဲ့ ကျနော်တို့ ပြည်သူတွေကလည်း ကျပ်တည်းလာတာပေါ့။ ပြည်သူတွေကလည်း အခုလက်ရှိ အခြေအနေမှာတော့ ဟိုဘက်ကလည်း အခွန်ဆောင်ရ၊ ဒီဘက်ကလည်း အခွန် ဆောင်ရတော့ ပြည်သူတွေကလည်း မချောင်ဘူးပေါ့နော်။ ကိုယ်ရှာထားတဲ့ဟာက ကိုယ် တစ်ဝက်တောင် မသုံး ရတဲ့ အခြေအနေမျိုးပေါ့။ ဘာလို့လဲဆိုတော့ အကုန်လုံးကို ပေးနေရတာ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တစ်လျောက်မှာလည်း ဟိုဘက်ဒီဘက် ဂိတ်တွေကို ဆောင်နေရတာ။ အဲတော့ ပြည်သူတွေကလည်း ကုန်ဈေးနှုန်း က ပေးလိုက်တဲ့ ကုန်ဈေးနှုန်းတွေအားလုံးက ကားသမားတွေ ပေးတာမဟုတ်ဘူးလေ။ သူဋ္ဌေးတွေ ပေးတာမဟုတ် ဘူးလေ။ ပြည်သူတွေပဲ ကုန်ပစ္စည်းရဲ့ တန်ဖိုးကို သူတို့က ပေးလိုက်တဲ့ငွေက ကုန်ပစ္စည်းတစ်ခုအပေါ်မှာ ဘယ်လောက် ထပ်တောင်းပြီး ရောင်းချမယ်၊ ပြည်သူတွေက ဘယ်လောက်ဝယ်ရမယ် အဲဒီပုံစံနဲ့ အဓိကတော့ ပေးနေရတဲ့ဟာကို ပြည်သူတွေကပဲ ပေးနေရတဲ့သဘောမှာ ရှိတာပေါ့။ ကြာတော့ ပြည်သူတွေကတော့ ရှာနိုင် သမျှ၊ လုပ်နိုင်သမျှ အပြည့်အဝ မခံစားရဘူးပေါ့။ ပြည်သူဘက်မှာလည်း စီးပွားရေး တော်တော် ကျနေတယ် အခု အခြေအနေ အရတော့” ဟု ပြောသည်။
ကုန်သွယ်ရေး ကားများ တိုက်ပွဲကြောင့် ပိတ်မိနေစဉ်
ထို့နောက် နိုင်ငံရေးတည်ငြိမ်မှု မရှိသည့်အပြင် စီးပွားရေးဆိုင်ရာ မူဝါဒများကို မကြာခဏပြောင်းလဲ နေခြင်း ကြောင့် လက်ရှိတွင် စီးပွားရေး တည်ငြိမ်ရန်အတွက် လုပ်ဆောင်ရာမှာ အခက်အခဲရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။
စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က “ဒေသတည်ငြိမ်အေးချမ်းမှုမရှိရင် နိုင်ငံရေးအရ အုပ်ချုပ်မှု အားနည်းရင် စီးပွားရေးကလည်း ထိခိုက်လာတာပေါ့နော်။ စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာ ဆက်စပ်နေတာကိုး။ စီးပွားရေးမကောင်းရင် တိုင်းပြည်က ချွတ်ခြုံကျသွားနိုင်တဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ နံပါတ် ၁ ကတော့ ဒေသတည်ငြိမ်အေးချမ်းရေးကို လုပ်သင့်တယ်။ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ပြီးရင်တော့ နိုင်ငံကို အုပ်ချုပ်နေ တဲ့ ပုံစံတော့ ပြောင်းသင့်ပြီလို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီဟာကြီးနဲ့ ထိန်းနေတာက ၂ နှစ်ကျော်သွားပြီပေါ့၊ ၃ နှစ်ထဲ ရောက်တော့မယ်။ ကျန်တဲ့အချိန်မှာ ဘာဆက်လုပ်နိုင်လဲဆိုတော့ ဘာမှ တိတိကျကျကြီး မလုပ်နိုင်တဲ့ အခါကျတော့ လုပ်နိုင်တဲ့ အစိုးရတစ်ရပ်ကိုတော့ တာဝန်ပေးသင့်တယ်လို့ပဲ ယူဆတယ်။ ဒါမှပဲ စီးပွားရေး နလံပြန် ထူနိုင်မယ်လို့ သုံးသပ်ပါတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ကြုံတွေ့နေရသည့် မြန်မာ့စီးပွားရေး အကျပ်အတည်းနှင့် ရိုက်ခတ်မှုများသည် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာရသည့်အတွက် နိုင်ငံရေးအကျပ်အတည်းကို အရင်ဆုံး ဖြေရှင်းရန် လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် အစီအရင်ခံစာက ထောက်ပြထားသည်။