CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
တောင်ကိုရီးယားအသင်းခေါင်းဆောင်ဆွန်ဟောင်မင်က သူတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုမြင့်တဲ့နေရာကို ရောက်ချင်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုကောင်းအောင်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။
တောင်ကိုရီးယားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်တက်နိုင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် ဆွန်ဟောင်မင်က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ထက် ကျော်အောင်လုပ်ချင်နေပေမယ့် ကြိုပြီးခန့်မှန်းလို့တော့ မရဘူးလို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းအတွက် ၁၄၂ ပွဲကစားထားပြီး ၅၄ ဂိုးသွင်းယူထားတဲ့ ဆွန်ဟောင်မင်က သူဟာ ရုပ်ပိုင်း ဆိုင်ရာအရ ကောင်းမွန်တယ်လို့ ခံစားနေရကြောင်းလည်း ပြောထားတာပါ။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယား အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုးသွင်းယူထားပြီး ပတ်ခ်ဂျီဆန်၊အန်ဂျောင်ဟွမ်တို့နဲ့ စံချိန်ချင်း တူညီ နေပါတယ်။
အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိမ့်ဆုံး ၁ ဂိုးသွင်းယူနိုင်ရင် စံချိန်သစ် တင်နိုင်မှာပါ။
ဆွန်ဟောင်မင်ကတော့ သူဟာ ဒီအကြောင်းသိပ်ပြီးမတွေးပေမယ့် အသင်းကို ကူညီနိုင်ဖို့ ဦးစားပေးလုပ်မယ်ဆိုရင် ရည်မှန်းချက်တွေက သူ့အလိုလိုဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ အိုင်ဗရီကို့စ်နဲ့ သြစတြီးယားအသင်းတို့ကို အရေးနိမ့်ခဲ့တာပါ။
တောင်ကိုရီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပူးတွဲအိမ်ရှင် မက္ကဆီကို၊ တောင်အာဖရိက၊ချက်အသင်းတို့နဲ့ အုပ်စု A မှာကျရောက်နေပြီး ပြိုင်ပွဲမတိုင်မီ ထရီနီဒတ်နှင့်တိုဘာဂို၊ အယ်လ်ဆာဗေးဒိုးအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source:Besoccer
