CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

လက်ရှိ ထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များအား အဖမ်းအဆီးများနေသဖြင့် မြန်မာအပါအဝင် တရားမဝင် အလုပ်သမားများအတွက် အလုပ်အကိုင် ရှားပါးနေကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

အဖမ်းအဆီးများနေသဖြင့် လုပ်ငန်းရှင်များသည် ၎င်းတို့ရှိ တရားမဝင်လုပ်သားများအား တရားဝင် နေထိုင်ခွင့် လက်မှတ်ရရှိရန် ပွဲစားများဖြင့် ပြုလုပ်ပေးနေရသောကြောင့် ထိုင်းနိုင်ငံထဲသို့ မကြာသေးခင်ကမှ ရောက်ရှိနေ သည့် မြန်မာအပါအဝင် တရားမဝင်လုပ်သားများအတွက် အလုပ်အကိုင် ရှားပါးနေခြင်းဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်(MWRN) မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလုပ်အကိုင် မရဘူးဆိုတဲ့အကြောင်းအရင်းက ထိုင်းနိုင်ငံရဲ့တည်ဆဲဥပဒေမှာလည်း တရားဝင်စာရွက် စာတမ်း နေထိုင်ခွင့်လက်မှတ်တို့ အပြည့်အစုံရှိမှသာလျှင် အလုပ်အကိုင်ဆိုတာက လွယ်လင့်တကူ ရနိုင်တာ။ တချို့လုပ်ငန်းရှင်တွေ သတ်မှတ်ထားတဲ့ ဥပဒေထဲမှာ တရားမဝင် စာရွက်စာတမ်းမရှိတဲ့ လုပ်သားကို ငှားရမ်းပြီး အလုပ်လုပ်ကိုင်နေပါက ရှောင်တခင် ဝင်ရောက်စစ်ဆေးလို့ တွေ့ရှိမယ်ဆိုရင် အလုပ်ရှင်ကို ငွေဒဏ်ရော ထောင် ဒဏ်ရော ကျခံစေရမယ် ဆိုတာတွေလည်းရှိတော့ ဒီလုပ်သားတွေကို အလုပ်ရဖို့ဆိုတာက နောက်တစ်ကြိမ် ထိုင်း အစိုးရကနေ တရားမဝင် လုပ်သားတွေအားလုံး ထိုင်းနိုင်ငံထဲမှာလည်း အများကြီး ရှိနေသေးတဲ့အတွက်ကြောင့် တရားဝင် နေထိုင်ခွင့်လက်မှတ်တွေ ပြန်လည်ရိုက်နှိပ်ပေးမှသာလျှင် အဲဒီလက်မှတ်တွေ ရှိမှသာလျှင် အလုပ်ရမှာ ဖြစ်ပါတယ်။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ကာလရှိတယ်။ အဲဒီကာလကို မှီအောင်လာတဲ့ လူတွေကတော့ တရားဝင် စာရွက်စာတမ်းတွေ ရသွားပြီး အခု အလုပ်လုပ်ကိုင်နေကြပြီ” ဟု ပြောသည်။

ထိုင်းရှိ ရေထုတ်ကုန်ပစ္စည်းလုပ်ငန်းခွင်တစ်ခု

လက်ရှိကာလ၌ ထိုင်းကို ရောက်ရှိနေသည့် တရားမဝင် မြန်မာအလုပ်သမားများထဲတွင် အများစုသည် အလုပ် အကိုင်မရရှိသဖြင့် အခက်အခဲဖြစ်နေကြသည့်အပြင် ထိုင်းသို့ ချေးငှားပေါင်နှံ၍ လာကြခြင်းဖြစ်သောကြောင့် အကြွေးနွံနစ်ခြင်း၊ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးအရေးယူခံရမည်ကို ကြောက်ရွံ့နေခြင်းတို့ဖြင့် ရင်ဆိုင်နေကြ ရကြောင်းလည်း သိရသည်။

ထိုင်းအစိုးရက တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်အား ပြီးခဲ့သည့် ဩဂုတ်လက ထုတ်ပေးခဲ့ခြင်းဖြစ်သော်လည်း ထိုကာလနောက်ပိုင်းရောက်ရှိလာသည့် တရားမဝင် မြန်မာအလုပ်သမားထဲကမှ အချို့သာလျှင် အလုပ်အကိုင်ရရှိ ကြကြောင်းလည်း သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “အခု အင်တာဗျူးနေတဲ့အချိန် နောက်ပိုင်းမှာမှ လာမယ်။ အဲဒီအရင် တစ်ပတ်လောက်ကတည်းက ရောက်ထားတယ်။ ၁၀ ရက်လောက် ရောက် ထားတယ်ဆိုရင်လည်း အလုပ်ရဖို့ဆိုတာ မလွယ်ဘူး။ အလုပ်တွေ ရှားပါးသွားပြီ။ အဲဒီအရင် ၃၊ ၄ လ ကတည်းက ရောက်နေတဲ့သူတွေကြတော့ စက်ရုံ၊ အလုပ်ရုံထဲကို ပွဲစားတွေကနေတဆင့် ရောက်နေတာဖြစ်တဲ့အတွက် စက်ရုံ က အမှန်တကယ် ငွေကြေးပမာဏ ပိုမို ကောက်ခံပြီးတော့မှ လက်မှတ် လုပ်ပေးမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ နောက်တရားမဝင် ခိုးဝင်တဲ့ဟာတွေကတော့ လုံးဝ လုံးဝ အလုပ်ရဖို့ မလွယ်ဘူး။ ထိုင်းနိုင်ငံမှာ အခု လက်ရှိက ဒီ ဒီဇင်ဘာ အစကတည်းကနေ အခုအချိန်ထိ နေ့တိုင်း နေ့တိုင်း တောက်လျှောက် အဖမ်းအဆီးတွေ များနေတယ်” ဟု ပြောသည်။

ထိုင်းရှိ ရေထုတ်ကုန်ပစ္စည်းလုပ်ငန်းခွင်တစ်ခု

လက်ရှိတွင် ထိုင်းနိုင်ငံ၌ MOU ဖြင့် ရောက်ရှိလာသည့် မြန်မာအလုပ်သမားများတွင်လည်း အလုပ်အကိုင် မရရှိမှု တို့ဖြင့်လည်း ကြုံတွေ့နေရသည့်အတွက် အချို့ MOU အလုပ်သမားများသည် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြမှုများလည်း ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သေးသည်။

ထို့ကြောင့် ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက တရားမဝင်လမ်းကြောင်းမှ ငွေကုန်ကြေးကျခံ၍ လာမည့်အစား တရားဝင်အေဂျင်စီများဖြင့် ချိတ်ဆက်ပြီး MOU လမ်းကြောင်းဖြင့်သာ လာ စေချင်ကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။

ထို့အပြင် ထိုင်းနိုင်ငံ၌ လက်ရှိ အဖမ်းအဆီးများနေသည့်ကာလတွင် တရားမဝင် အထောက်အထားမဲ့များ သာမက ခွင့်ပြုကာလကျော်လွန်နေထိုင်သည့် နိုင်ငံခြားသားများကိုပါ ဖမ်းဆီးနေခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ်နှင့် ဗီဇာသက်တမ်းကုန်နေသူများသည် အဖမ်းခံရပါက Blacklist အဖြစ် ၂ နှစ် မှ ၅ နှစ်အထိ သတ်မှတ်ကြောင်း သိရသည်။

သို့သော် ခွင့်ပြုကာလကျော်လွန်နေထိုင်သဖြင့် အဖမ်းအဆီးခံရသည့် မြန်မာအများစုသည် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်သည့်အတွက် အဖမ်းခံရပါက နေရပ်ပြန်ပို့ခြင်းသာ ခံရကြောင်းလည်း သိရသည်