CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ ပလောင်ပြည် လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) ကို မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၈ ရက်) အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် စစ်ရဟတ်ယာဉ်ကို တွေ့ရစဉ် (ရွှေဖီမြေ)

၎င်းက “ဒီမနက်လည်း ဗုံးလာကြဲတယ်၊ မနေ့ကတည်းက ဗုံးလာကြဲတာပဲ၊ ညလည်း ၁၂ အထိ လက်နက်ကြီးသံ တွေ ကြားရတယ်၊ အခုလည်း နမ့်ဆန်ကနေ လက်နက်ကြီးတစ်လုံး ထပ်ပစ်သေးတယ်၊ မနေ့က တပ်ဖက်က လေယာဉ် ၆ စီးလာတယ်၊ ၆ စီးမှာ ၄ စီးက စစ်သားတွေ လာချသွားတယ်၊ စစ်သားက ၈၀၊ ၁၀၀ လောက်ရှိမယ် ပေါ့နော်၊ အဲဒီမှာ နောက်ထပ် ၂ စီးက ကင်းထောက်တဲ့ ပုံစံပေါ့၊ ဗုံးကြဲသွားသေးတယ်၊ အဲကနေစပြီးတော့ တိုက်ပွဲ တွေ စဖြစ်တာပေါ့” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများမှာ မန်လုံးကျေးရွာ၊ ဟူးမန်းကျေးရွာနှင့် ကုန်းသာကျေးရွာ အနီးဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ဖုန်းဆက်သွယ်၍ မရသည့်အတွက် ဒေသခံများ၏ အခြေအနေကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

ထို့နောက် လက်ရှိတွင်လည်း နှစ်ဖက် စစ်ရေးတင်းမာနေပြီး လက်နက်ကြီးသံများ ကြားနေရကြောင်း၊ ဒေသခံများ အနေဖြင့် နမ့်ဆန်မြို့သို့ တိုက်ပွဲရှောင်လာခြင်း မရှိသေးကြောင်း သိရသည်။