CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၃၀ ရက်က မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များရှိ နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ့ တပ်မတော်ဖက်က လက်နက်ကြီးအပြင် လေယာဉ်ဖြင့် တိုက်ခိုက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအတွင်းကို TNLA တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ဩဂုတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

PSLF/TNLA တပ်ဖွဲ့ဝင်တစ်ဦး

အဆိုပါ အရပ်သားသေဆုံးမှုနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင်ရေး TNLA မှ ပြန်ကြားရေးတာဝန်ခံထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် အရပ်သားများ ကွတ်ခိုင်မြို့ပေါ်သို့ ရောက်ရှိလာကြောင်း၊ လူနာများအားလုံး သက်သာကြောင်း ကွတ်ခိုင်မြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဋ္ဌ ဦးခမ်းညွန့်က CNI သတင်းဌာနကို ပြောသည်။

၎င်းက “ကျနော်တို့ ကွတ်ခိုင်မှာတော့ မရှိဘူး။ အခုဖြစ်တာ ဟိုမူဆယ်၊ နမ့်ခမ်းတို့ ဖြစ်တာလေ၊ နမ့်ဖက်ကာမှာ ဖြစ်တယ်ဆိုတာ ကျနော်တို့က မနေ့ကလည်း လူနာတော့ နှစ်ယောက်၊ သုံးယောက်တော့ ရောက်လာတယ်လေ။ ရောက်လာတော့ မနေ့ကတော့ပေါ့နော် ဘယ်လိုဖြစ်လဲတော့ မသိဘူး။ အခြေအနေတော့ မသိဘူးလေ။ ဦးလေး ကွတ်ခိုင်မှာ နည်းနည်း အလှမ်းဝေးတယ်လေ” ဟု ပြောသည်။

 မြန်မာ့တပ်မတော်မှ စစ်သည်များ

ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကလည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကို ကြားသိရကြောင်း၊ မိမိအနေဖြင့် အလှမ်းဝေးနေသောကြောင့် တိုက်ပွဲ ဖြစ်ပွားမှု အသေးစိတ်ကို မသိရှိရသေးကြောင်း မူဆယ်မြို့နယ် TNLA ၏ ရုံးအုပ်တစ်ဦးက CNI သတင်းဌာနကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က စတင်ကာ မြန်မာ့တပ်မတော်နှင့် TNLA တို့ နမ့်ခမ်းမြို့နယ်အတွင်း စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ်များအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တို့တွင်ပါ လှုပ်ရှားလျက်ရှိသော ပလောင်လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

လက်ရှိမှာလည်း အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိနေသောအဖွဲ့လည်း ဖြစ်သည်။