CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃
မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို အကြိမ်ကြိမ် အခါခါ မရယူအောင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများကြား မည်ကဲ့သို့သော သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်း ရယူထားသင့်လဲဆိုသည်ကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် ဆွေးနွေးလျက်ရှိသည်။
အဆိုပါ ကိစ္စမှာ အရပ်သားအစိုးရ ပေါ်လာပြီးနောက် ၎င်းအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တပ်မတော်ကို ထားလိုက်ပါက ပြေလည်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ အရပ်သားအစိုးရ ပေါ်လာပြီးတော့ လက်နက်ကိုင်တပ်က ဒီမိုကရေစီအရပ်သား အုပ်ချုပ် မှုအောက်ကို ထားလိုက်ရင်တော့ မဖြစ်တော့ဘူးပေါ့ဗျာ။ Supremacy (အမြင့်ဆုံးအာဏာ) ဆိုတဲ့ ဥပဒေသကို လိုက်နာနိုင်ရင်တော့ မဖြစ်တော့ဘူးပေါ့၊ နောက်ထပ် အဲဒီလို့ Supremacy (အမြင့်ဆုံးအာဏာ) ဆိုတဲ့ ဥပဒေသကို ရဖို့ကလည်း ကျနော်တို့ အချိန်တစ်ခုတော့ စောင့်ကြည့်ရမယ်” ဟု ပြောသည်။
စစ်တပ်ဆန့်ကျင်၊ ဒီမိုကရေစီအရေး တောင်းဆိုကြသူများကိုတွေ့ရစဉ် (ဖရွန်တီးယားမြန်မာ))
မြန်မာ့တပ်မတော် မရှိပါက တိုင်းပြည်ပြိုကွဲ သွားမည်ဆိုသည့်အမြင် တပ်မတော်မှာ ရှိနေကြောင်း၊ ဖွဲ့စည်းပုံအရ ပေါ်လာသည့် အစိုးရအောက်မှာ မရှိဘဲ သီးသန့် သမ္မတ၏ ချုပ်ကိုင်မှုအောက်က လွတ်နေမည်ဆိုပါက တပ်မတော် မှ အာဏာရယူမှု မကြာခဏဖြစ်ပွားနေမှာဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တပ်မတော်က နိုင်ငံရေးထဲမှာ ပါဝင်နေသရွေ့ကတော့ အာဏာသိမ်းမှုဆိုတာ အမြဲတမ်း ဖြစ်လိမ့်မယ်၊ သူ တို့ မထင်ရင် မထင်သလို သိမ်းလိမ့်မယ်၊ ပြီးတော့ အာဏာသိမ်းမှု ဖြစ်တိုင်းဖြစ်တိုင်း တိုင်းပြည်က နှစ်ပေါင်းများ စွာ နောက်မှာ ကျန်ခဲ့လိမ့်မယ်၊ ဆင်းရဲတဲ့ နိုင်ငံအဖြစ် ဘယ်တော့မှ လွတ်ကျွတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒါတွေကို တပ်မတော် ခေါင်းဆောင်တွေရော၊ နိုင်ငံရေး ခေါင်းဆောင်တွေရော သဘောပေါက်ပြီးတော့ အကုန်လုံး ရွေးကောက်ခံ အစိုးရတစ်ခုသာလျှင် တိုင်းပြည်မှာ အုပ်ချုပ်နိုင်တဲ့ အခွင့်အရေးမျိုး၊ ကာကွယ်ရေးကို လုံးဝ တပ်မတော်က တာဝန်ယူတဲ့ အခွင့်အရေးမျိုး အဲဒါမျိုး ဖြစ်သွားဖို့ ကြိုးစားမှသာလျှင် ကျနော်တို့ နိုင်ငံရဲ့ တပ်မတော်ရဲ့ အာဏာသိမ်းမှုက လွတ်ကင်းသွားလိမ့်မယ်၊ တပ်မတော်ကလည်း အာဏာသိမ်းတဲ့အခါမှာ ဘယ် လောက် ဆိုးကျိုးတွေ ရှိတယ်ဆိုတာ သူတို့ သိတယ်၊ သိပေမဲ့ အဲဒီလို ဒေါသစိတ်ပေ့ါနော် မခံချင်စိတ် ငါတို့ကို အသိအမှတ်မပြု ငါတို့စကားကို လက်မခံ ဒါဆိုရင် တိုင်းပြည်က ပျက်တော့မှာပဲဆိုတဲ့ အာဃာတစိတ်၊ မကျေနပ် စိတ်၊ အဲဒါတွေနဲ့ အာဏာသိမ်းနေတာ သူတို့မှားတယ်ဆိုတာတော့ သိလာအောင်အထိ ကျနော်တို့ဖက်က နိုင်ငံရေး အရရော၊ လက်တွေ့အရရော သက်သေလည်း ပြပြီးပြီ။ ဒါကြောင့် သူတို့ရဲ့ Mindset ကလည်း အရေးကြီးတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတဟောင်း ဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်းတို့ကိုတွေ့ရစဉ် (GETTY IMAGES)
မြန်မာနိုင်ငံတွင် ၁၉၅၈ ခုနှစ်တွင် အာဏာရ အရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းမှ လွှဲပြောင်း ရယူခဲ့သလို ၁၉၆၂ ခုနှစ်တွင် မြန်မာ့တပ်မတော်က ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော အရပ် သား အစိုးရအား ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
အလားတူ ၁၉၈၈ ခုနှစ်ရောက်သည့်အခါမှာလည်း ကျောင်းသားအရေးတော်ပုံကနေ တဆင့် မြန်မာ့တပ်မတော်က အစိုးရအား ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့ပြန်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုး ပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့သည်။
လက်ရှိမှာ အရေးပေါ် ကာလဖြစ်ပြီး နိုင်ငံတော်အာဏာကို တပ်မတော်က ထိန်းထားကြောင်း၊ ကြားဖြတ် အစိုးရ ပေါ်လာမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
စစ်တပ်ဆန့်ကျင်၊ ဒီမိုကရေစီအရေး တောင်းဆိုကြသူများကိုတွေ့ရစဉ် (ဖရွန်တီးယားမြန်မာ)
၎င်းက “ဒီဟာက အခြေခံဥပဒေအတိုင်းအရ အရေးပေါ်ကာလဖြစ်လို့ပါ၊ အာဏာထိန်းတဲ့ သဘောမျိုး သိမ်းတာမှ မဟုတ်တာ၊ အာဏာသိမ်းတယ် ဆိုလို့ရှိရင် အခြေခံဥပဒေ ပျက်သွားတာပေါ့။ အခြေခံဥပဒေမှ မပျက်သေးတာကို၊ အခြေခံဥပဒေအတိုင်းပဲ သူတို့က လုပ်နေတာကို၊ အခုက သက်တမ်းက ၂ နှစ်ပဲလေဗျာ၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ဆိုရင် နောက်ထပ် သက်တမ်းကုန်ပြီးလေ၊ ကြားဖြတ်အစိုးရ လာတော့မှာပေါ့။ ကြားဖြတ်အစိုးရ ဘယ်သူက ဦးမြင့်ဆွေကတော့ အကြီးဆုံးဖြစ်သွားမှာပေါ့။ အဲဒီအချိန်ကြရင် ဦးမြင့်ဆွေက ဘယ်သူ့ကို ခန့်မလဲဆိုတာ သူ့အပေါ်မှာပဲ မူတည်တယ်၊ အားလုံးက ကာ/လုံ လက်ထဲရောက်သွားပြီးလို့ အာဏာပြန်ပြီးတော့ ကာ/လုံ လက် ထဲ ပြန်ရောက်သွားပြီလေ၊ ကာ/လုံ လက်ထဲ ရောက်သွားတဲ့အခါမှာ ဦးမြင့်ဆွေက ဥက္ကဋ္ဌဆိုတာ ပါဝါအရှိဆုံး ပုဂ္ဂိုလ်ပဲလေ။ အခြေခံဥပဒေ ပြဋ္ဌာန်းထားတယ်လေဗျာ”ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲတွင် မြန်မာ့တပ်မတော်နှင့် နိုင်ငံရေး ပါတီတချို့က တပ်မတော်သည် နိုင်ငံတော်အာဏာကို ထိန်းထားခြင်းသာ ဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ကြောင်း ပြောဆို ရပ်တည်လျက်ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်ပနိုင်ငံများကတော့ မြန်မာ့တပ်မတော် သည် နိုင်ငံတော်ကို အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုရပ်တည်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် နစကကို ဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ် နစကဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။