CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားလုံခြုံရေး ဒါရိုက်တာဟောင်း တစ်ဦးကို စနေနေ့တွင် ဖမ်းဆီးခဲ့သည်ဟု The Washington Post က ရေးသား ဖော်ပြခဲ့သည်။

၂၀၂၀ ခုနှစ် မြောက်ကိုရီးယား ရေပိုင်နက်အနီး တောင်ကိုရီးယား ငါးလုပ်ငန်း အရာရှိတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖုံးကွယ်ထားမှုအတွက် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာဟောင်း ဆုဟွန်း (Suh Hoon)ကို စနေနေ့ မနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်သည် လက်ရှိ သမ္မတ ယွန်ဆော့ရွဲ(Yoon Suk Yeol)၏ ယခင် သမ္မတဟောင်း လက်ထက် နယ်စပ်ဒေသမှ သတ်ဖြတ်မှုများအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုသို့ စုံစမ်း စစ်ဆေးမှုများကြောင့် တောင်ကိုရီးယားသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်စေဖို့ အတွက် အလျော့ပေးမှု များစွာ ပြုလုပ်ခဲ့သည်ဆိုသော ဝေဖန်မှုများလည်း ရှိလာခဲ့သည်။

တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိ လီဒေဂျွန်း၏ မိသားစု၀င်များ အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုနေစဉ် (Yonhap)

ထို့ကြောင့် သမ္မတဟောင်း မွန်ဂျေအင်းက ဆုဟွန်းအား ဖမ်းဆီးမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ယွန်ဆော့ရွဲ အစိုးရ၏ လုပ်ဆောင်မှုများသည် အခြေအမြစ်မရှိသော စွပ်စွဲမှုများနှင့် နိုင်ငံရေးအရ အထိအခိုက် မခံသည့် လုံခြုံရေးကိစ္စများကို ဖြစ်ပေါ်လာစေသည်ဟုလည်း တုန့်ပြန်ထားသည်။

သက်သေ အထောက်အထားများကို မဖျက်စီးခင် ဖမ်းဆီးနိုင်ရေးအတွက် ဆုဟွန်း၏ ဖမ်းဝရမ်းကို ဆိုးလ်ဗဟို တရားရုံးက ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဆုဟွန်းက ဖြေကြားရန် ငြင်းဆန်ထားသည်။

အသက် ၄၇ နှစ်အရွယ် တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိ လီဒေဂျွန်း (Lee Dae-Jun) သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ကိုရီးယားအနောက်ပင်လယ် နယ်စပ်အနီး မျှောပါသွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကို ကယ် တင်ရန်အတွက် ထိုစဉ်က မွန်ဂျေအင်း အစိုးရဘက်မှ ကြိုးစားအားထုတ်ခဲ့ခြင်း မရှိဟု တောင်ကိုရီးယားစာရင်း စစ်နှင့် စုံစမ်းစစ်ဆေးရေး ဘုတ်အဖွဲ့၏ (South Korea’s Board of Audit and Inspection) ယခင် စုံစမ်းမှုတွင် ဖော်ပြထားသည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲကိုတွေ့ရစဉ် (GETTY IMAGES)

နောက်ပိုင်းတွင် လီသည် မြောက်ကိုရီးယားတပ်ဖွဲ့၏ ဆိုးဆိုးရွားရွား ပစ်သတ်ခြင်းကို ခံခဲ့ရသော်လည်း အစိုးရ တာဝန်ရှိသူများက လီသည် မိသားစုအရေးနှင့် လောင်းကစား အကြွေးများကြောင့် မြောက်ကိုရီးယားကို ခိုလှုံရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု လူသိရှင်ကြား လိမ်ညာထုတ်ပြန်ခဲ့ကြောင်း SKBOAAI ၏ စုံစမ်းမှုတွင် ဖော်ပြသည်။

တောင်ကိုရီးယား အစိုးရဘက်မှ ထုတ်ပြန်ချက်များမှ သက်သေများနှင့် မကိုက်ညီဟုလည်း ဘုတ်အဖွဲ့၏ အောက်တိုဘာလ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အဖမ်းခံခဲ့ရသော ဆုဟွန်းသည် ဒါရိုက်တာမဖြစ်ခင် ထောက်လှမ်းရေး အရာချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး လီ အသတ်ခံရမှုနှင့် ပတ်သက်သည့် ထောက်လှမ်းရေး မှတ်တမ်းများကို ဖျက်ဆီးရန် အစိုးရအဖွဲ့၊ ကာကွယ်ရေးဌာန နှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့တို့ကို အမိန့်ပေးခဲသည်ဟု စွပ်စွဲခံထားရသည်။

ထိုအခြေအနေများကြောင့် မွန်ဂျေအင်း အစိုးရသည် မြောက်ကိုရီးယားနှင့် အဆင်ပြေစေရေးအတွက် အစွမ်းကုန် အလျော့ပေးသည့် နည်းလမ်းများကို အသုံးပြုခဲ့သည်ဟုလည်း ဝေဖန်သူများက ထောက်ပြသည်။

Source: Washingtonpost