CNI International News

ဂျေရုဆလင်၊ ဒီဇင်ဘာ ၅

တနင်္ဂနွေနေ့မနက်အစောပိုင်းတွင် အစ္စရေးလေတပ်က ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု Xinhua သတင်းတွင်ဖော်ပြသည်။

အစောပိုင်းအတွင်း အစ္စရေးမြေပေါ်သို့ ဂါဇာဘက်မှ ဒုံးကျည်ဖြင့်ပစ်ခတ်မှုကို ယခုကဲ့သို့ တုန့်ပြန်တိုက်ခိုက်ခြင်း လည်းဖြစ်သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ Israeli Defense Forces (IDF) က ယခုတိုက်ခိုက်မှုများသည် ဂါဇာဒေသရှိ ဟားမတ်ဇ်အဖွဲ့ပိုင် လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ပစ်မှတ်ထားကြောင်းနှင့် အဆိုပါ စက်ရုံသည် ဂါဇာရှိ ဒုံးကျည်အများစုကို ထုတ်လုပ်ပေးရာနေရာဖြစ်သည်ဟုလည်း ပြောသည်။

တိုက်ခိုက်မှုများတွင် ဟားမတ်ဇ်တို့၏ နယ်စပ်ဖြတ်ကျော် ဥမင်များကိုလည်း ပစ်မှတ်ထားခဲ့သည်ဟု သိရသည်။ အစ္စရေးဘက်မှ တုန့်ပြန်လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် နာရီအနည်းငယ်၌ ဂါဇာကမ်းမြှောင်ဒေသမှ ဒုံးကျည် တစ်ခု အစ္စရေးတောင်ပိုင်းသို့ကျရောက်ခဲ့သည်။

အစ္စရေးဘက်မှ လေကြောင်းဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်မှု(ဓါတ်ပုံ-credit)

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့သလို ယခုတိုက်ခိုက်မှုအတွက်လည်း မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူခဲ့ခြင်း မရှိသေးပေ။ ညတွင်းချင်းတိုက်ခိုက်ရခြင်းမှာ ဟားမက်ဇ်အဖွဲ့၏ စစ်ပြင်ဆင်မှုကို တားဆီးရန်ဖြစ်သည်ဟုလည်း IDF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ဟားမတ်ဇ်အဖွဲ့သည် ဂါဇာကမ်းမြှောင်ဒေသကို ၂၀၀၇ ခုနှစ်တွင် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအချိန်မှစကာ အစ္စရေးဘက်မှ ဂါဇာကို အင်အားများစွာဖြင့်တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းတွင်လည်း အစ္စရေးစစ်တပ်က အနောက်ဘက်ကမ်း ဂျီနင်မြို့ရှိ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့(PIJ)၏ ထင်ရှားသောအဖွဲ့ဝင်နှစ်ဦးကို သတ်ခဲ့သည်ဖြစ်ရပ်အတွက်လည်း ပြန်လည် လက်စားချေသွားမည်ဟု PIJ ဘက်မှ ကြုံးဝါးထားသည်။

Source:English.News