CNI International News

လိုင်ဘရီဗီလီ၊ သြဂုတ် ၃၁

ဂါဘွန်နိုင်ငံတွင် စစ်တပ်၏အရာရှိများက သြဂုတ် ၃၀ ရက်နေ့၌ နိုင်ငံ့အာဏာအား ရယူခဲ့ကြောင်းနှင့် သမ္မတ အလီ ဘွန်ဂို (Ali Bongo) ကို နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂါဘွန်သမ္မတ အလီ ဘွန်ဂိုသည် ရွေးကောက်ပွဲတွင် ၎င်း၏ တတိယသက်တမ်းအတွက် အနိုင်ရရှိကြောင်း ရွေးကောက်ပွဲ အာဏာပိုင်များက ကြေညာခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် စစ်တပ်အရာရှိများက နိုင်ငံ့အာဏာကို ရယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုအရာရှိများက ၎င်းတို့သည် ဂါဘွန်လက်နက်ကိုင်တပ်ဖွဲ့များကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း၊ နယ်စပ်များကို ပိတ်ကြောင်းနှင့် နိုင်ငံ့အင်စတီကျူးရှင်းများကို ဖျက်သိမ်းကြောင်း ပြောကြားခဲ့သည်။

ဂါဘွန်တွင် စစ်တပ်၏ ကြားဝင်စွက်ဖက်မှုကို ရာနှင့်ချီသည့် ဂါဘွန်ဒေသခံများက အောင်ပွဲခံခဲ့ကြပြီး ဂါဘွန်အား ကိုလိုနီပြုခဲ့သည့် ပြင်သစ်နိုင်ငံကမူ အဆိုပါ အာဏာသိမ်းမှုကို ရှုတ်ချခဲ့သည်။

သမ္မတ အလီဘွန်ဂိုအား တွေ့ရစဉ်

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သမ္မတ ဘွန်ဂိုသည် ဂါဘွန်နိုင်ငံကို ၁၉၆၇ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သည့် ဖခင်ဖြစ်သူ အိုမာ (Omar) ကွယ်လွန်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ဘွန်ဂို၏ သားဖြစ်သူ နျူအာရက်ဒင် ဘွန်ဂို ဗလန်တင် (Noureddin Bongo Valentin) နှင့် အခြားသူများကိုလည်း အကျင့်ပျက်ခြစားမှု၊ နိုင်ငံတော် သစ္စာဖောက်မှုတို့ဖြင့်ဖမ်းဆီးခဲ့သည်ဟု စစ်တပ်အရာရှိများက ပြောသည်။

Gabon 24 ရုပ်သံမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ထိုစစ်တပ်အရာရှိများက ၎င်းတို့သည် ဂါဘွန် နိုင်ငံတွင် လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။ 

အာဏာရယူမှုအား ထောက်ခံကြောင်းပြသနေသည့် ဂါဘွန်ပြည်သူများ(Reuters)

ထို့နောက် ရွေးကောက်ပွဲရလဒ်များကိုလည်း ပယ်ဖျက်ပြီး နယ်စပ်များကိုလည်း နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ အချိန်အထိ ပိတ်ထားမည်ဟု ကြေညာခဲ့သည်။

အာဏာလွှဲပြောင်းရေးနှင့်  အင်စတီကျူးရှင်းများအား ပြန်လည်ထိန်းသိမ်းရေး ကော်မတီဟု ၎င်းတို့ကိုယ်ကိုယ် မိတ်ဆက်ခဲ့သည့် စစ်တပ်အရာရှိများက ဂါဘွန်နိုင်ငံသည် ဆိုးရွားသော အင်စတီကျူးရှင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။ 

အာဏာသိမ်းမှုအား မည်သူက ဦးဆောင်ခဲ့သည်ဆိုခြင်းကို ရှင်းလင်းတိကျစွာ မသိရသေးသော်လည်း နိုင်ငံပိုင် ရုပ်သံလိုင်းတွင် ဖော်ပြခဲ့သည့် စစ်သားများသည် ဂါဘွန်အစိုးရ အစောင့်တပ်ဖွဲ့၏ အကြီးအကဲ ဘရိုက်စ် အိုလီဂွီ အန်ဂွီမာ (Brice Oligui Nguema) ဖြစ်နိုင်ခြေရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

Source: ရိုက်တာ