CNI International News
ကွန်နာကရီ၊ ဒီဇင်ဘာ ၂၉
ဂီနီနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတသစ် ရွေးကောက်တင်မြှောက်ရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
လေ့လာသူများကမူ ထိုရွေးကောက်ပွဲတွင် အတိုက်အခံများ၏ အင်အားနည်းပါးနေမှုကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မာမက်ဒီ ဒူအမ်ဘူယာ (Mamadi Doumbouya) ကသာ အနိုင်ရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၄ နှစ်က သမ္မတ အယ်လ်ဖာ ကွန်ဒီ (Alpha Condé) ကို ဒူအမ်ဘူယာက အာဏာသိမ်း၍ ဖြုတ်ချ ခဲ့ပြီးနောက် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အဆုံးသတ်သည့် အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒူအမ်ဘူယာသည် အဓိက အတိုက်အခံများ၊ အစိုးရနှင့် သဘောထား ကွဲလွဲသူများကို နှိမ်နင်းခဲ့သဖြင့် ယခု ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၈ ဦးထဲ ၌ ၎င်းအား ယှဉ်ပြိုင်နိုင်သည့် အဓိက ပြိုင်ဘက် မပါဝင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒူအမ်ဘူယာကို တွေ့ရစဉ်
ဂီနီနိုင်ငံသည် သဘာဝတွင်းထွက် သယံဇာတ ပေါကြွယ်ဝပြီး အလူမီနီယံ ပြုလုပ်ရာတွင် အသုံးပြုသည့် ဘောက်ဆိုဒ် (Bauxite) သတ္တုကို အများဆုံး တင်ပို့သော နိုင်ငံဖြစ်သော်လည်း နိုင်ငံလူဦးရေ ၁၅ သန်း၏ ထက်ဝက်ကျော်သည် ဆင်းရဲမွဲတေမှု၊ အစားအစာ မလုံခြုံမှုတို့နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန်ခဲ့သည်။
“ဒီရွေးကောက်ပွဲက လူငယ်တွေအတွက် မျှော်လင့်ချက်ပါပဲ။ အထူးသဖြင့် ကျနော်တို့လို အလုပ်လက်မဲ့ လူငယ် တွေ အတွက်ပေါ့။ ကျနော်ဆို အသက်ရှင်ရပ်တည်ဖို့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေရတယ်။ ဒီရွေးကောက်ပွဲ ကြောင့် ဂီနီနိုင်ငံရဲ့ စားဝတ်နေရေး အဆင့်အတန်းနဲ့ ဘဝရပ်တည်မှု အဆင့်အတန်းတွေ မြင့်တက်လာစေဖို့ မျှော် လင့် ပါတယ်”ဟု ကွန်နာကရီ (Conakry) မြို့တော်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားခဲ့သည်။
ယခု ရွေးကောက်ပွဲကို အခြေခံဥပဒေသစ် အောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က စစ်တပ်ခေါင်းဆောင်များ အား ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားသည့် အခြေခံဥပဒေဟောင်းကို ဖျက်သိမ်းခဲ့သည်။

ရွေးကောက်ပွဲ တာဝန်ရှိသူတွေကိုတွေ့ရစဉ်
ထို့ပြင် သမ္မတ၏ သက်တမ်းကို ယခင်က ၅ နှစ် သတ်မှတ်ခဲ့ရာမှ ယခုတွင် ၇ နှစ်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။
ထိုကဲ့သို့ အခြေခံဥပဒေသစ် ပြင်ဆင်ရေးဆွဲမှုအတွက် စက်တင်ဘာလက လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာတွင် အတိုက်အခံ ပါတီများက ထိုလူထု ဆန္ဒခံယူပွဲကို မဲမပေးဘဲ သပိတ်မှောက်ရန် မဲဆန္ဒရှင်များအား တိုက်တွန်းခဲ့ သော်လည်း မဲဆန္ဒရှင်များက အခြေခံဥပဒေသစ်ကို သောင်းသောင်းဖျဖျ ကြိုဆိုပြီး ထောက်ခံမဲပေးခဲ့ကြသည်။
Source: အေပီ
