CNI News

၂၀၂‌၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခနှင့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင် ရေးအတွက် ရွေးကောက်ပွဲအလွန်၌ နိုင်ငံရေး ဆွေးနွေးမှုတစ်ရပ် ဖြစ်ပေါ်လာနိုင်သည်ဟု ပအိုဝ်း အမျိုး သား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင် ကျင်းပခဲ့ ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။ 

ထို့နောက် ရွေးကောက်ပွဲအနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးမည် ဖြစ်ပြီး တပ်မ‌တော်က ကာကွယ်ရေးတာဝန်ကိုသာ ပြန်လည် ထမ်းဆောင်တော့မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်က ချမှတ်သည့်ဥပဒေများ၊ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်မည့် ဥပဒေများအပေါ် မူတည်၍ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး အဖြေရှာသည့်  အခြေအနေတစ်ရပ် ဖြစ်ပေါ်လာနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေကို တွေ့ရစဉ်

၎င်းက “ဘာပဲဖြစ်ဖြစ်တော့ ရွေးကောက်ပွဲပြီးလို့ ပေါ်လာတဲ့ အခင်းအကျင်းပေါ့။ နေပြည်တော်ဘက်က ဖန်တီးလာမယ့် အခင်းအကျင်းရယ်၊ လက်ရှိ ပြင်ပမှာ စုဖွဲ့နေတဲ့ အခင်းအကျင်းတွေရယ်၊ NUG ရဲ့ position ရယ်။ အားလုံးကို ကြည့်လိုက်ရင်တော့ ရွေးကောက်ပွဲပြီးလို့ ပေါ်လာမယ့် လွှတ်တော်က ချမှတ် တဲ့ ဥပဒေတွေ အစိုးရက အကောင်အထည်ဖော်မယ့် ဥပဒေတွေပေါ်မှာ မူတည်ပြီးတော့ Dialogue အခြေအနေပေါ့။ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာနိုင်တယ်။ Dialogue ယဉ်ကျေးမှု တစ်ခု ဖြစ်လာနိုင်တယ် လို့ ယူဆတယ်ဗျ။ ဦးသိန်းစိန်ခေတ်မှာ ကျနော်တို့ Dialogue ယဉ်ကျေးမှု စပြီးတော့ တွေ့ရ တာကို။ နောက် ဒေါ်စု လက်ထက်ကို ကျနော်တို့ သယ်လာတယ်၊ ၁၀ နှစ်ကျော်လောက် ကျနော်တို့ Dialogue ယဉ်ကျေးမှုကို ရကြတာကို။ အဲဒီမှာ Dialogue ယဉ်ကျေးမှုထဲမှာမှ Peace Architecture လို့ခေါ်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မယ့် ဗိသုကာတွေ  ပေါ်လာကြတာပေါ့။ ဆွေးနွေးပွဲတွေ အားလုံးမှာ Peace ကို ဦးတည်တဲ့ အခါကျတော့ Peace Architecture တွေ ပေါ်လာတာပေါ့။ ဒါကြောင့် အခု ကျနော် တွက်တာတော့ နိုင်ငံ‌ရေး အခင်းအကျင်းအသစ်မှာ Policy အသစ်တွေ၊ မူဝါဒအသစ်တွေ လူကတော့ လူဟောင်းဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် Policy အသစ်တွေ မူဝါဒ‌ အသစ်တွေကို မိတ်ဆက် လို့ ရသွားပြီပေါ့။ ရသွားတဲ့အချိန်မှာ စောင့်ကြည့်ရမယ့် သဘောတော့ရှိတယ်ဗျ။ ဒါကြောင့် ၂၀၂၆ နှစ်ဝက်လောက်ထိ ကျနော်တို့ စောင့်ကြည့်နိုင်တယ်ဆိုရင်တော့  ပြောလို့ရပြီဗျ။ ဘယ်လို ဖြစ်လာနိုင်လဲ ဆိုတာလေ အခုတော့ နည်းနည်းစောသေးတယ်” ဟု ပြောသည်။ 

ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရသည် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ်ပြီး ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်လုပ်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။ 

ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းတွင် ငြိမ်းချမ်းရေးကိုသာ ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေး မရသရွေ့ တိုင်းပြည်ကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သည်ဖြစ်စေ အဆင်ပြေနိုင်မှာ မဟုတ်ဘူးဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။ 

USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ဒီဘက်ကတော့ အဲဒါတွေ လုပ်မယ်လို့တော့ ပြောနေတာပဲပေါ့နော်။ အခုလက်ရှိ အစိုးရအဖွဲ့ အစည်း အနေနဲ့က‌တော့ ငြိမ်းချမ်းရေးအတွက်ကို သူတို့ ဆက်လုပ်ဖို့ဆိုတာတော့ ရည်စူးထားတာပေါ့ နော်။ ဒါပေမယ့် တစ်ဖက်က response ကတော့ ဘယ်လောက် အားရမလဲဆိုတာတော့ မပြောနိုင်ဘူး ပေါ့လေ။ အခုလက်ရှိ အခြေအနေအရ ဆိုရင်တော့ သိပ်အားရစရာ မရှိဘူးပေါ့။ ဒါပေမယ့် ကျမတို့ ဖြစ်ပေါ်လာမယ့် အစိုးရတာဝန်ကတော့ ဒါကြိုးစားရမှာပဲ ငြိမ်းချမ်းမှု မရမချင်းတော့ ဘယ်လောက်ပဲ ဖွံ့ဖြိုးအောင်လုပ်လုပ် အဆင်မပြေဘူး။ အဲ‌ဒါတွေကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေး ရအောင် ကြိုးစားရမယ်လို့ ကျမ ယူဆပါတယ်။ တစ်ပြိုင်နက်ထဲပေါ့နော် ငြိမ်းချမ်းရေးရအောင်တော့ ကြိုးစားကြရ လိမ့်မယ်။ဘယ်လောက် ပါလာမလဲဆိုတာကတော့ ဖြစ်ပေါ်လာမယ့် အစိုးရအပေါ်မှာ တစ်ဖက်က အဖွဲ့ တွေကလည်း ဘယ်လောက် ယုံကြည်မှု ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ ဒါက မြန်မြန်ကြီး တော့ မဖြစ်နိုင်ဘူးလို့ ကျမ ထင်တယ်။ တဖြည်းဖြည်းပဲ တည်‌ဆောက်ရမှာ‌ပဲ အဲဒါတော့လေ” ဟု ပြော သည်။ 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲတွင် အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။ 

လာမည့် ရွေးကောက်ပွဲတွင် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများဆုံး အနိုင်ရ ကာ အစိုးရဖွဲ့စည်းမည်ဖြစ်ပြီး အစိုးရအဖွဲ့ကိုတော့ တပ်မတော်က ဦးဆောင်ဖွဲ့စည်းလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ ထောက်ပြကြသည်။