CNI International News

ဘန်ကောက်၊ သြဂုတ် ၃၁

စစ်တပ်နှင့် ဆက်နွှယ်သော ပါတီများဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆုံးဖြတ်ခဲ့သဖြင့် ဖြူးထိုင်းပါတီ ခေါင်းဆောင် ဒေါက်တာ ချိုနန် သီရိကော (Cholnan Srikaew) က သြဂုတ် ၃၀ ရက်တွင် ပါတီခေါင်းဆောင်ရာထူးနေရာမှ နုတ်ထွက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။ 

၎င်း၏ ကတိစကားကိုတည်ကြောင်း ပြသသည့်အနေဖြင့် ယခုကဲ့သို့ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

Nan ပြည်နယ်မှ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ချိုနန်သည် ရွေးကောက်ပွဲမတိုင်မီ ဧပြီ ၂၈ ရက်က ဖြူးထိုင်းပါတီအတွက် မဲဆွယ်စည်းရုံးခဲ့ချိန်တွင် ၎င်း၏ပါတီသည် စစ်တပ်နှင့်ဆက်နွှယ်သည့် PPRP (Palang Pracharath) ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့မည်ဆိုလျှင် ပါတီမှ နုတ်ထွက်မည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။

ရာထူးမှ ထွက်ခွာတော့မည့် ဗိုလ်ချုပ်ကြီး ပရာဝပ် ဝေါင်ဆူဝမ် (Prawit Wongsuwon) နှင့် ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) တို့ဦးဆောင်သည့် ပါတီတို့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲတွင် နေရာရ လိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။

ဖြူးထိုင်းပါတီခေါင်းဆောင် ဒေါက်တာ ချိုနန်သီရိကောကို တွေ့ရစဉ်(gettyimages)

အသက် ၆၂ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်သည့် ချိုနန်က ပါတီမှ နုတ်ထွက်မှုသည် ၎င်း၏ လွှတ်တော်အမတ် နေရာအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်းလည်း ပြောသည်။
ထို့အပြင် ချိုနန်သည် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု ယူဆခံထားရသူလည်းဖြစ်သည်။

ထို့နောက် ဖြူးထိုင်းပါတီ၏ လက်ထောက်ခေါင်းဆောင် ချူဆက် သီရိနီလ် (Chusak Sirinil) သည် ပါတီခေါင်းဆောင်ရာထူးကို ယာယီတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူးချုပ် ပရာဆက် ချန်သာရာရွန်သွန်း (Prasert Chanthararuangthong) က ပြောသည်။

ဝန်ကြီးချုပ်ဟောင်းပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီး ပရာဝပ်ကို တွေ့ရစဉ်(gettyimages)

လာမည့်ရက်ပေါင်း ၆၀ အတွင်း ပါတီခေါင်းဆောင်သစ်တစ်ဦးရွေးချယ်ပြီး အမှုဆောင် ဘုတ်အဖွဲ့ အစည်းအဝေးကျင်းပသွားမည်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

ဖြူးထိုင်းပါတီသည် အစိုးရအဖွဲ့အတွင်း နေရာ ၁၇ နေရာရရှိမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံကို အပြီးသတ် ရေးဆွဲခဲ့ပြီး ဖြစ်သည့်အတွက် ၎င်း၏ နုတ်ထွက်မှုသည် အချိန်မှန်ကန်ကြောင်း ဒေါက်တာ ချိုနန်က ပြောကြားခဲ့သည်။

"တာဝန်တွေကို အပြီးသတ်လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဖြူးထိုင်းပါတီအနေနဲ့ PPRP (Palang Pracharath) ပါတီနဲ့ အစိုးရဖွဲ့မယ်ဆိုရင် ပါတီခေါင်းဆောင်ရာထူးနေရာက ထွက်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ကတိကို တည်ကြောင်း ပြသခဲ့ပြီးပါပြီ" ဟု ချိုနန်က ပြောသည်။

သြဂုတ် ၂၁ ရက်က ဖြူးထိုင်းပါတီသည် ညွန့်ပေါင်းမဟာမိတ်အသစ်ကို ကြေညာခဲ့ပြီးနောက် ဒေါက်တာချိုနန်ကို ပါတီခေါင်းဆောင်ရာထူးမှ နုတ်ထွက်ရန် နိုင်ငံရေးပြိုင်ဘက်များက ဖိအားပေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ချိုနန်က အစိုးရအဖွဲ့သစ်၏ ဖွဲ့စည်းပုံကို အပြီးသတ်ရေးဆွဲပြီးသည့်အချိန်အထိ ပါတီ ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဟု ပြောကြားခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Source:ဘန်ကောက်ပို့စ်