CNI International News

တိုကျို၊ ဩဂုတ် ၂၅

ပြီးခဲ့သည့်လက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံရမှုဖြစ်စဉ်ကြောင့် မိမိလည်း ရာထူးမှ နုတ်ထွက်ဖို့ ရည်ရွယ်ထားသည်ဟု ဂျပန်ရဲဌာန အကြီးအကဲဖြစ်သူက ပြောကြားခဲ့‌ကြောင်း NHK သတင်း အရ သိရသည်။

အခင်းဖြစ်ပွားခဲ့စဉ်က လုံခြုံရေးအခြေအနေ ပြန်လည်သုံးသပ်ချက် ထုတ်ပြန်ပြီးနောက် အထက်ပါအတိုင်း ဂျပန် ရဲချုပ်၏ ပြောကြားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရဲချုပ် နာကာမူရာအီတာရူက “ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်ပွားအောင် ကာကွယ်ဖို့ နည်းစနစ်သစ်နဲ့ လုံခြုံရေး လစ်ဟာချက်တွေအပေါ်  အခြေခံပြီး အစီအမံတွေကို အဆက်မပြတ် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ အမျိုးသားရဲဌာနက ယုံကြည်ပါတယ်။  ရဲမှုထမ်းရေးရာများကို ပြန်ပြင်ဖို့ ကြိုးစားနေတုန်းပါ" ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရ

၎င်း၏ နုတ်ထွက်စာကို မနက်ဖြန် ဩဂုတ် ၂၆ ရက်တွင် ကျင်းပမည့် အစိုးရအဖွဲ့ (ကက်ဘိနက်)အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ရသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့မှာ မိန့်ခွန်းပြောနေစဉ် အာဘေးသည် သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံခဲ့ရသည်။  ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရမှု၏ နောက်ကွယ်တွင် လုံခြုံရေး အစီအမံ များနှင့် ပြဿနာရှိနိုင်ကြောင်း ဂျပန်အမျိုးသားရဲဌာနက သံသယရှိသည်။

နာကာမူရာအီတာရူသည် ၁၉၈၆ ခုနှစ်တွင် အမျိုးသားရဲဌာနသို့ စတင်ဝင်ရောက်ခဲ့သည်။ ၎င်းသည် အဓိကအားဖြင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေး‌ရေးနှင့် ဒုစရိုက်နှိမ်နင်းရေးဌာနတွင် လုပ်ကိုင်ခဲ့သည်။

လက်ရှိတွင် အသက် ၅၉ နှစ်အရွယ် ရှိပြီဖြစ်သော ၎င်းသည် လက်ရှိရာထူးတွင် ထမ်းဆောင်နေသည်မှာ တစ်နှစ် နီးပါး ရှိနေပြီ ဖြစ်သည်။

Source: NHK