CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၅

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းတို့ကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ နစက-က ဖမ်းဆီးထားကြောင်း သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မစ္စဗစ်ကီဘိုးမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင် အိမ်ရာတွင် နေထိုင်မည်ဖြစ်ကြောင်း၊ နေထိုင်ရမည့် မှတ်ပုံတင်လက်မှတ်အား ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်တွင် ထုတ်ပေးခဲ့သည်ဟု နစကဘက်က ပြောသည်။

သို့သော် ကိုထိန်လင်းနှင့် ဇနီးဖြစ်သူ မစ္စဗစ်ကီဘိုးမန်းတို့သည် နေရပ်လိပ်စာတွင် နေထိုင်မှုမရှိဘဲ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ကိုထိန်လင်း၏ နေအိမ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်မှ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၉ ရက်နေ့ထိ နေထိုင်ခဲ့ကြောင်း၊ နေအိမ်ပြောင်းရွှေ့နေထိုင်ရာတွင် နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ်တွင် လိပ်စာပြောင်း လျှောက်ထားရန် ပျက်ကွက်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်း ဥပဒေအပိုဒ် ၁၁(၂) (က)၊ (ခ) အား ကျူးလွန်သဖြင့် ယင်းဥပဒေ ပုဒ်မ ၅ (၁) ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၄(၂)ကို ကျူးလွန်သဖြင့် ၎င်း ဥပဒေ ပုဒ်မ ၁၃(၁)ကို ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

နစက-က “ကိုထိန်လင်းသည် ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေကို ဆန့်ကျင်လျက် ဇနီးဖြစ်သူ၏ နေထိုင်မှုနှင့် ပတ်သက်၍ နေရပ်လိပ်စာပြောင်းရွှေ့ နေထိုင်သည်ကို သိရှိလျက် ဆက်လက် နေထိုင်ရန် ကူညီအားပေးအား မြှောက်ပြုခဲ့ခြင်းတို့ကြောင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(င)ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည့်အတွက် ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင် ရေး ဆောင်ရွက်ရခြင်း ဖြစ်သည်”ဟု ပြောသည်။

ကိုထိန်လင်းသည် ၁၉၈၈ ခုနှစ်က ၈၈၈၈ လေးအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်ရန် အတွက် ကျောင်းသားတချို့နှင့်တောခိုခဲ့သည်။

သို့သော် ကိုထိန်လင်း လက်နက်ကိုင်အဖြစ် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်တွင် သံသယမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ထွက်ပြေး လွတ် မြောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

ထို့နောက် ၂၀၀၄ ခုနှစ်၌ ထောင်က ပြန်လည် လွတ်မြောက်ခဲ့ကာ တော်လှန်ရေးသမားဘဝကနေ ပန်းချီဆရာ ဘဝသို့ ကူးပြောင်းခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့မှာ နေထိုင်ရင် လဝက ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံထားရသည်။