CNI International News

မော်စကို၊ ဇူလိုင် ၁၆

ယူကရိန်းစစ်ပွဲကြောင့် မော်စကိုအား နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ပါဝင်ခဲ့သည့် တိုကျိုအစိုးရကို တုံ့ပြန်သော အားဖြင့် ဂျပန် လွှတ်တော်အမတ် ၃၈၄ ဦးကို ၎င်း၏ပိုင်နက်အတွင်းသို့ ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်လိုက်ကြောင်း ရုရှားက ကြေညာခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇူလိုင် ၁၅ ရက်တွင် ဂျပန်လွှတ်တော်အမတ်များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက် ပေါ်၌ အမည်မည်းစာရင်းသို့ ထည့်သွင်းလိုက်ကြောင်း၊ အဆိုပါ အမတ်များသည် ယူကရိန်းသို့ မိမိတို့ အထူး စစ်ဆင်ရေးနှင့် ပတ်သက်၍ အခြေအမြစ်မရှိသော စွပ်စွဲချက်များ ပြသခြင်းဖြင့် ရုရှားကို ဆန့်ကျင်ခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားနိုင်ငံအပေါ် ပြင်းထန်စွာ ဒဏ်ခတ်ပိတ်ဆို့သည့်အစိုးရများထဲတွင် တိုကျို အစိုးရလည်း ပါဝင်ခဲ့ရာ G-7 စက်မှုထိပ်သီးနိုင်ငံများအခန်းကဏ္ဍအနေဖြင့် ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို ဆိုင်းငံ့ထားခဲ့သည်။

ရုရှားတပ်များက ယူကရိန်းသို့ စစ်ကြေညာပြီးကတည်းက တိုကျိုနှင့်မော်စကိုတို့အကြား တင်းမာမှုတိုးလာခဲ့ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းတပ်ဖွဲ့များကို ယူကရိန်းသို့ စေလွှတ်မည်ဟု ကြေညာသည့်အခါ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါက “မော်စကို၏လုပ်ရပ်သည် ယူကရိန်း၏အချုပ်အခြာ အာဏာ နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ဒီလုပ်ရပ်တွေကို ၎င်းတို့ ပြန်ပြောင်းဝေဖန်ပြီး သံတမန် ရေးရာ ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ ရုရှားကို တိုက်တွန်းကြောင်း” အတိအလင်းပြောကြားခဲ့သည်။

ရုရှားသည် ၎င်းနိုင်ငံ၏အရှေ့ဖျားတွင် တည်ရှိသော ဆာခါလင်း (Sakhalin) ကျွန်းရှိ ဆာခါးလင်း အမှတ်(၂)ရေနံ နှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများရှိ အစုရှယ်ယာများကို ရုရှားလုပ်ငန်းလည်ပတ်သူများထံသို့ ယခု ဇူလိုင်လ ၁ ရက်တွင် ထုတ်ပေးခဲ့သည်။

ယင်းစီမံကိန်းမှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့အရည် (LNG) အများစုကို ယခုအချိန်အထိ ဂျပန်သို့ ပို့ပေး နေဆဲဖြစ်သည်။

ဂျပန်သည် ရုပ်ကြွင်းလောင်စာဆီတင်သွင်းမှုအပေါ် အလွန်မှီခိုနေရ၍ ဆာခါလင်းစီမံကိန်းတွင် ပါဝင်ပတ်သက် ရခြင်းမှာ မိမိ၏စွမ်းအင်လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း တိုကျိုအစိုးရက အစောပိုင်းတွင် ထုတ်ပြော ပြီးဖြစ်သည်။

Source: Aljazeera