CNI International News

လာဆာ (တိဘက်)၊ ဇူလိုင် ၁၆

အိန္ဒိယ-တရုတ် နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာရမည်ဟု တိဗက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့ကြောင်း The NewsXpress ဝက်ဘ်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။

ဇူလိုင် ၁၇ ရက်တွင် စတင်မည့် အိန္ဒိယနှင့် တရုတ်တို့အကြား ၁၆ ကြိမ်မြောက် တပ်မမှူးအဆင့် အစည်းအဝေး မတိုင်မီ အထက်ပါအတိုင်း ဒလိုင်းလားမား၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံနယ်စပ်ရှိ အရှေ့ဘက်ခြမ်း လာဒက် (Ladakh) ဒေသ အမှန်တကယ် ထိန်းချုပ်ရေး နယ်နိမိတ်မျဉ်း တလျှောက် ထိပ်တိုက် ရင်ဆိုင်ခဲ့သည့် နောက်ခံ အခင်းအကျင်းများ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကပင် ဂါလွမ် (Galwan) တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

၁၄ ပါးမြောက် ဒလိုင်းလားမားသည် ဒါရမ်ရှလာ (Dharamshala) ရှိ ၎င်းအခြေစိုက်၍ သီတင်းသုံးသည့် နေရာမှ ဇူလိုင် ၁၄ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဂျမူးဒေသ၌ ခေတ္တရပ်နားပြီး လာဒက်ဒေသသို့ ဆက်လက် ထွက်ခွာလာခဲ့သည်။

“အိန္ဒိယနဲ့ တရုတ်တို့ဟာ ပြိုင်ဘက်တွေအဖြစ်ရော အိမ်နီးချင်းတွေပါ ဖြစ်ကြပါတယ်။ မကြာခင်ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) နောက်ပိုင်း ကာလတွေမှာပဲဖြစ်ဖြစ် ဆွေးနွေးမှုတွေနဲ့ အနုနည်းသုံးပြီး နယ်စပ်ပြဿနာကို ဖြေရှင်းကြရမှာ ဖြစ်တယ်။ စစ်အင်အားသုံးပြီး ဖြေရှင်းတာမျိုးက ခေတ်နောက်ကျနေပြီ” ဟု ဒလိုင်းလားမားက ANI သတင်းဌာနသို့ ပြောသည်။

 တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်

ယမန်နေ့ ဇူလိုင် ၁၅ ရက်၌ ဂျမူးဒေသတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အသက် ၈၇ နှစ်ရှိ ဒလိုင်းလားမားက “တရုတ် ပြည်တွင်း၌ မိမိတို့ လွတ်လပ်ရေးကို ကြိုးပမ်းနေခြင်း မဟုတ်ဘဲ အဓိပ္ပါယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တိဘက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ထိန်သိမ်းစောင့်ရှောက်ရန် တရုတ်နိုင်ငံရှိ ပြည်သူအများစု နားလည် သဘောပေါက်ကြကြောင်း” ပြောကြားခဲ့သည်။

“တရုတ်လူမျိုးတိုင်းတော့ သဘောထား မတင်းမာပါဘူး။ ဒါပေမယ့် သဘောထား တင်းမာတဲ့ တရုတ်တွေကတော့ ဘုန်းကြီး ကို ခွဲထွက်ရေးသမားလို့ ယူဆကြတယ်။ အခုဆိုရင် ဒလိုင်းလားမားဆိုတဲ့ ဘုန်းကြီးဟာ လွတ်လပ်ရေးကို မရှာဖွေဘဲနဲ့ တရုတ် ပြည်တွင်းမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တိဘက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်နေ တယ်ဆိုတာ သဘောပေါက်လာတဲ့ တရုတ်လူမျိုး ပိုများလာပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားသည် ၎င်း၏ လာဒက်ခရီးစဉ်ကို တရုတ်၏ကန့်ကွက်မှု ရှိနေခြင်းအပေါ်မှာ လည်း မေးခွန်းထုတ်၍ တုံ့ပြန်ခဲ့သည်။

၎င်းသည် ဂျမူး၊ ကက်ရှ်မီးယားနှင့် လာဒက်ပြည်ထောင်စု နယ်မြေများသို့ နှစ်ရက်ကြာ တရားဝင် ခရီးစဉ်အဖြစ် လှည့်လည်နေ ကြောင်း သိရသည်။

Source: The NewsXpress