CNI International News

တိုကျို၊ဇန်နဝါရီ ၁၇

ဂျပန်နှင့်အိန္ဒိယတို့သည် တိုကျိုမြို့အပြင်ဘက် နေရာတစ်ခုတွင် နှစ်နိုင်ငံကြား ပထမဆုံးသော စစ်ရေး လေ့ကျင့်မှု ကို လုပ်ဆောင်ခဲ့သည်ဟု South China Morning Post သတင်းတွင် ဖော်ပြထားသည်။

ထိုနှစ်နိုင်ငံသည် တခြားနိုင်ငံများနည်းတူ တရုတ်၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းအပေါ် စစ်ရေး လေ့ကျင့် မှုများဖြင့် တုန့်ပြန်ခဲ့သည်။

တနင်္လာနေ့တွင် စတင်ခဲ့သော ထိုလေ့ကျင့်မှုကို တိုကျိုမြို့ အရှေ့မြောက်ဘက် အီဘာရာကီ (Ibaraki) စီရင်စုရှိ လေတပ်စခန်းတစ်ခုတွင် ဇန်နဝါရီ ၂၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းတွင် F-2 လေယာဉ် ၄ စင်းနှင့် F-15 တိုက်လေယာဉ် ၄ စင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဌာနက ပြောသည်။

ဂျပန်နှင့် အိန္ဒိယတို့သည် တခြားနိုင်ငံများတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ဖူးသော်လည်း တနင်္လာ နေ့ လေ့ကျင့်မှုသည် နှစ်နိုင်ငံတည်း ပထမဆုံးအကြိမ် လေ့ကျင့်မှု ဖြစ်သည်။

ယခု ပူးတွဲလေ့ကျင့်မှုသည် တရုတ်ကို စောင့်ကြည့်ရေး ဂျပန်နိုင်ငံ၏ မဟာမိတ်များနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kshida) ၏ အီတလီ၊ ယူကေ၊ ကနေဒါနှင့် အမေရိကန်ခရီးစဉ် ပြီးဆုံးချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဂျပန်သည် အိန္ဒိယ၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော Quad မဟာမိတ်ကိုတွေ့ရစဉ် (GETTY IMAGES)

ဂျပန်သည် အိန္ဒိယ၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော Quad အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ရုံမက အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရေး နိုင်ငံအဖြစ်လည်း ရှုမြင်ခြင်း ခံထားရသည်။

အိန္ဒိယနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နယူးဒေလီတွင် ပြုလုပ်ခဲ့သော လုံခြုံရေး ဆွေး နွေးပွဲတွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည်ဟု Kyodo သတင်းတွင် ဖော်ပြသည်။

အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နှင့် ဂျာမနီတို့ပြီးနောက် အိန္ဒိယသည် ဂျပန်ဘက်မှ စစ်ရေးလေ့ကျင့်မှုများကို လက်ခံ ကျင်းပပေးသော ၅ နိုင်ငံမြောက် နိုင်ငံဖြစ်သည်ဟုလည်း ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား ပြီး သတင်းတွင် ရေးသားထားသည်။

အိန္ဒိယသည် ယခု စစ်ရေးလေ့ကျင့်မှုကို ရုရှားလုပ် Su-30Mki တိုက်လေယာဉ်၊ အမေရိကန်လုပ် C-17 ပို့ဆောင်ရေး လေ့ယာဉ်များဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း လေတပ်အရာရှိ အာဟစ် မိုဂီ (Ashish Moghe) က ပြောသည်။

မြင့်တက်လာသော ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ထင်ဟပ်စေရန် နှစ်နိုင်ငံသည် ရှုပ်ထွေးသော လေကြောင်း တိုက်ခိုက်မှု လေ့ကျင့်ခန်းများနှင့် ကောင်းမွန်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။

Source: SCMP