CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆

မိမိတို့ ပါတီဝင်များ ပြန်လည် လွတ်မြောက်‌လာရေး ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ဆွေး‌နွေးရန် အကန့်အသတ် များ ရှိနေကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

AFP ပါတီမှ ဗဟိုကော်မတီဝင်များဖြစ်သည့် ဦးကျော်လွင်နှင့် ဦးကျော်ဇောဦးတို့ကို ULA/AA က ဖမ်းဆီးထား သည်ဟု ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “AA နဲ့ ညှိနှိုင်းဖို့က မဖြစ်နိုင်လို့ ဆက်စပ်နိုင်ဖွယ်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ဖြင့် ပြောကြား ထားပါတယ်၊ ဘာလို့ဆို ULA/AA က မတရားအသင်းဖြင့် ကြေညာထားဆဲ အဖွဲ့အစည်းဖြစ်တာကို ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့က စကားပြော ဆက်သွယ်လို့ မရဘူးလေ၊ အဲဒီ အကန့်အသတ်ရှိတယ်။ ကျနော်တို့လည်း အစွမ်းကုန်တော့ဖြင့် ဆက်သွယ်တာတွေကို တဆင့်ခံပြောပြီးပြီ၊ ကျနော်တို့က တိုက်ရိုက် ULA/AA ခေါင်းဆောင် တွေနဲ့ ပြောဖို့ကြတော့ ၁၇ (၁)၊ (၂) တို့က ရှိနေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ဦးကျော်ဇောဦးကို ULA/AA က ဖမ်းဆီးထားသည်ကို ထုတ်ဖော်ပြောကြားထားသော်လည်း ဦးကျော်လွင် ဖမ်းဆီးခံ ရခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုမှု မရှိသေးပေ။
ဖမ်းဆီးထားသည့် ပါတီဝင်များ ပြန်လည်လွတ်မြောက်လာရေး ULA/AA ခေါင်းဆောင်များနှင့် တိုက်ရိုက် ဆက်သွယ်၍ မရသည့်အတွက် တရုတ်သံရုံးမှတဆင့် တရုတ်ပြည်ကွန်မြူနစ်ပါတီထံ အကူအညီ တောင်းထား ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

၎င်းက “ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တရုတ်ပြည်ဖက်က စိတ်ဝင်စားတဲ့ အခါမှာလည်း အဲဒီကိစ္စလေးတွေကို ပြောပါတယ်၊ တရုတ်ပြည်ဖက်ကတောင် ကျနော်တို့နဲ့ ULA ထိပ်ပိုင်းနဲ့ ရင်းနှီးနေလို့ ထင်ကြတာကိုး၊ ကျနော်တို့ ပါတီဖက်က ပုဂ္ဂိုလ်တွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကို သူတို့ သိလို့ ဘာကြောင့် ဖမ်းတာဆီးတာလဲဆို တာကို သူတို့ဖက်က မေးမြန်းတဲ့ဥစ္စာကို ကျနော်တို့က ပြန်လည် ဖြေကြားတဲ့အခါမှာ ခုနလို အကူအညီတောင်းတဲ့ သ‌ဘော ကျနော်တို့ကလည်း ပြောတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ AFP ပါတီဝင်များကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ULA/AA ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

 AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတွေ့ရစဉ်

AFP ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်က ဖမ်းဆီးခံခဲ့ရပြီး ဦးကျော်လွင်ကတော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုကော်မတီဝင် ခိုင်မြသာကို ULA/AA က ဖမ်းဆီးသွားသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ULA/AA သည် လူထုထောက်ခံမှု ပိုမိုရရှိနေပြီး မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက်ထား၍ နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှုယူ၍ တိုက်ပွဲများ ပြန်လည်ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။

လက်ရှိတွင် AA သည် တပ်မတော်နှင့် တိုက်ပွဲများ ရပ်တန့်ထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ပိုင်းဒေသများ ၌ အင်အားအလုံးအရင်းဖြင့် လှုပ်ရှားလျက်ရှိနေသလို တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင် နေကြောင်း သိရသည်။