CNI International News

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁၇

ယူကရိန်းစစ်သားများအတွက် အမေရိကန်စစ်တပ်မှ အသစ်တိုးချဲ့ဆောင်ရွက်ပေးနေသော တိုက်ခိုက်ရေး လေ့ကျင့်မှုများကို တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံတွင် စတင်ခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

အဆိုပါ လေ့ကျင့်ပေးမှု၏ ရည်ရွယ်ချက်မှာ ရုရှားတပ်များကို တိုက်ခိုက်ရန်အတွက် လာမည့် သီတင်းပတ် ငါးပတ်မှ ရှစ်ပတ်အတွင်း ယူကရိန်းစစ်သား ၅၀၀ ပါဝင်သော တပ်ရင်းတစ်ရင်းရရှိရေးဖြစ်သည်ဟု ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လီ (Mark Milley) က ပြောသည်။

မိုင်လီသည် တနင်္လာနေ့တွင် ဂျာမနီသို့ရောက်ရှိလာခဲ့သည်။ လေ့ကျင့်ပေးရမည့် ယူကရိန်းစစ်သားများသည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ဂျာမနီသို့ ရောက်ရှိနေကြောင်း၊ ဂျာမနီတွင် ၎င်းတို့အတွက် လက်နက်၊ တခြား အသုံးအဆောင်ပစ္စည်းများအဆင်သင့်ရှိနေကြောင်း မိုင်လီက ပြောသည်။ ပင်တဂွန်ဘက်က လေ့ကျင့်ပေးမှုကို မည်သည့်အချိန်တွင် စတင်မည်ကိုတော့ အတိအကျပြောရန် ငြင်းဆိုထားခဲ့သည်။ လက်နက်ပေါင်းစုံ လေ့ကျင့်ရေး ဟုခေါ်သော ယခုလေ့ကျင့်မှုသည် ယူကရိန်းစစ်သားများ၏ အရည်အသွေးများ မြင့်တက်လာကာ ရုရှားဘက်မှ တိုက် ခိုက်မှုများကို တန်ပြန်ရန် သို့မဟုတ် ထိုးစစ်ဆင်မှုလုပ်ဆောင်ရန် ပို၍ကောင်းမွန်စွာ ပြင်ဆင်နိုင်စေရန် ရည်ရွယ်သည်။

ယူကရိန်းစစ်အခြေစိုက်စခန်းတစ်ခုတွင် ယူကရိန်းတပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးဆင်းရင်း ခေတ္တနားနေချိန်(ဓါတ်ပုံ-အေပီ)

အဆိုပါ လေ့ကျင့်ရေးတွင် ယူကရိန်းစစ်သည်များအနေဖြင့် ပိုကောင်းအောင်လှုပ်ရှားရန်၊ တပ်ရင်းတစ်ရင်းစာ စစ်သည်အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်နှင့် အမြှောက်၊ကျည်ကာနှင့်မြေပြင်တပ်ဖွဲ့များစုပေါင်းအသုံးပြုနည်း စသည်တို့ကို သင်ယူရမည်ဖြစ်သည်။

ယခုလေ့ကျင့်ရေးတွင် ယူကရိန်းသို့ ပို့မည့် လက်နက်အသစ်များ၊ အမြှောက်များ၊ တင့်ကားများနှင့် တခြားယာဉ် များပါဝင်နေပြီး ၎င်းကရုရှားတို့ သိမ်းယူထားသောနယ်မြေများကို ပြန်လည်သိမ်းပိုက်ရန်အတွက် ယူကရိန်း စစ်သားများကို အကူအညီဖြစ်စေလိမ့်မည်ဟု မိုင်လီက ပြောသည်။ ယခုကဲ့သို့ လေ့ကျင့်ပေးရခြင်း၏ ရည်ရွယ်ချက်သည် ယူကရိန်းသို့ ပို့မည့် လက်နက်များနှင့် အသုံးအဆောင်များကို လာမည့် နွေဦးမိုးရွာသွန်းမှု မတိုင်ခင် လေ့ကျင့်ပေးထားသော ယူကရိန်းစစ်သားများ အသုံးပြုနိုင်ရန်ဖြစ်သည်ဟုလည်း မိုင်လီက ထပ်လောင်း ပြောခဲ့သည်။

ယခုကဲ့သို့ ယူကရိန်းစစ်သားများကို လေ့ကျင့်ပေးမှုသည် ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်ခ်ပြည်နယ်တွင် ရုရှား ဘက်မှပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေချိန်ပေါ် ထွက်လာခြင်းဖြစ်သည်။

အရှေ့ပိုင်းရှိ ဆားတူးဖော်ရေး ဆိုလီဒါမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဟုလည်း ရုရှားစစ်ဘက်က ကြေညာခဲ့သည်။ သို့သော် ထိုမြို့တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်ဟု ယူကရိန်းဘက်က ပြောသည်။ မည်သို့ပင်ဆိုစေကာမူ ရုရှားအနေဖြင့် ဆိုလီဒါမြို့ကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့ပါက ၎င်းတို့အနေဖြင့် ကာလရှည်တိုက်ခိုက်နေရသော ဘက်ခ်မွတ်မြို့ကိုပါ ထိန်းချုပ်နိုင်ရန် လမ်းပွင့်သွားစေမည်လည်း ဖြစ်သည်။

Source:AP