CNI International News

တိုင်ပေ၊ဇန်နဝါရီ ၁၇

ဒုတိယသမ္မတ ဝီလျံလိုင်(William Lai)ကို ထိုင်ဝမ်အာဏာရပါတီက ပါတီ၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ် လွတ်လပ်ရေးအတွက် နိုင်ငံရေးအမှုထမ်းဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသူအား လာမည့် သမ္မတ ရွေးကောက်ပွဲတွင် အဓိကစိန်ခေါ်သူအဖြစ် ဖန်တီးခဲ့ခြင်းလည်း ဖြစ်သည်။

အာဏာရ Democratic Progressive ပါတီ၏ ထုတ်ပြန်ချက်တွင် လိုင်သည် ထောက်ခံမဲ ၉၉ ဒသမ ၆၅ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် လိုင်သည် လက်ရှိ သမ္မတရာထူးအတွက် ဆိုင်အင်ဝမ် (Tsai Ing-wen) အသုံးပြုခဲ့သော ပါတီဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပြီဖြစ်သည်။ သက်တမ်း သက်မှတ်ချက်ကြောင့် ဆိုင်သည် လာမည့် ၂၀၂၄ တွင် သက်တမ်း ကုန်ဆုံး မည် ဖြစ်သည်။

အဆိုပါ အခြေအနေများကြောင့် DPP နှင့် အတိုက်အခံ ကူမင်တန် (Kuomintang) ပါတီတို့မှ သမ္မတသစ်နေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်လည်း ဖြစ်သည်။

ကူမင်တန် (Kuomintang) ပါတီ ခေါင်းဆောင်ကိုတွေ့ရစဉ်(AFP)

ပြီးခဲ့သည့် နှစ်များတွင် လိုင်က ကိုယ့်ကိုယ်ကို ဖော်ညွှန်းရန် သုံးစွဲခဲ့သော နိုင်ငံရေး လုပ်သားဟူသော စကားလုံး သည် တရုတ်ပြည်မကြီး အစိုးရအတွက် ဒေါသဖြစ်စေသော အသုံးအနှုန်း ဖြစ်ကာ တရုတ်အာဏာပိုင်များသည် လည်း DPP သည် အမေရိကန်နှင့် ပူးပေါင်း လိမ်လည်ရန် ကြိုတင်ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု မကြာခဏ စွပ်စွဲလေ့ရှိသည်။

ဆိုင် ကဲ့သို့ပင် အသက် ၆၃ နှစ် အရွယ်ရှိ လိုင်ကလည်း ထိုင်ဝမ်သည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု ဖြစ်နှင့် ပြီးသား ဖြစ်သောကြောင့် လွတ်လပ်ရေးကို ကြေညာရန် မလိုအပ်ဟု ပြောခဲ့သည်။

ယင်းက လွတ်လပ်ရေး ကြေညာလျှင် တရုတ်အစိုးရဘက်မှ စစ်ရေးအရ တုန့်ပြန်မှုများ ရှိလာမည်ကို စိုးရိမ်နေ သော မဟာမိတ် အမေရိကန်နိုင်ငံ၏ စိုးရမ်မှုကို လျှော့ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သမ္မတရှီကျင့်ဖျင် လက်ထက်တွင် တရုတ်နိုင်ငံသည် စီးပွားရေး၊ သံတမန်ရေးနှင့် စစ်ရေးအရ ထိုင်ဝမ်အပေါ် ဖိအားပေးမှုများ လုပ်ဆောင်ခဲ့သည်။ တရုတ်ဘက်မှ အဆိုပြုသော တစ်နိုင်ငံစနစ်နှစ်ခု မူဝါဒကို ထိုင်ဝမ်ဘက်က ပြင်းပြင်းထန်ထန် ငြင်းပယ်ခြင်းကြောင့် ဖြစ်သည်။

ထိုင်ဝမ်ပြည်သူများကိုတွေ့ရစဉ်(Reuters)

ထို့ကြောင့် တရုတ်စစ်တပ်သည် ထိုင်ဝမ်သို့ ရည်ရွယ်သော စစ်ရေးလေ့ကျင့်မှုများ၊ လက်နက် ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။

ဆရာဝန်အဖြစ်မှ နိုင်ငံရေးလောကတွင်းသို့ ဝင်ရောက်လာသော လိုင်သည် တောင်ပိုင်းရှိ တိုင်နန် (Tainan) မြို့ တွင် မြို့တော်ဝန်အဖြစ် ၂၀၁၀ မှ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဆိုင်အင်ဝမ် ရှုံးနိမ့်ခဲ့မှုကြောင့် DPP ၏ ဥက္ကဋ္ဌ ရာထူးသည် လစ်ဟာလျက် ရှိသည်။

ထိုရွေးကောက်ပွဲများတွင် ကိုဗစ်ကြောင့် သေဆုံးမှုနှင့် လူနေမှုစရိတ် မြင့်မားမှု စသည်တို့က အဆုံးအဖြတ် ပေးခဲ့ ခြင်း ဖြစ်သော်လည်း လာမည့် သမ္မတရွေးကောက်ပွဲတွင် တရုတ်အစိုးရသည် အဓိကနေရာမှ ပါဝင်နေမည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ထိုင်ဝမ်မှ မဲဆန္ဒရှင်များသည် လိုင်ကဲ့သို့ တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်မည့် သဘော ထားရှိသော ခေါင်းဆောင်နှင့် အတိုက်အခံ ကူမင်တန်ဘက်မှ တရုတ်နှင့် ပြေလည်ရာ ပြေလည်ကြောင်း ချဉ်း ကပ်လိုသည့် ခေါင်းဆောင်နှစ်ဦးမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်ရမည် ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်