CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ကျောက်ဆည်ကျေးရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SNA မှ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ နေလည် ၂ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “လောလောဆယ်တော့ ရန်သူ့ဘက်ကတော့ ၄ ယောက် ကျဆုံးတယ်ဆိုတာ သိထားရတယ်၊ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ပဲ သတင်းပို့ထားတယ်၊ နောက် ကျနော်တို့ ဘက်က တောင်ကုန်း တောင်ကုန်းတစ်ခုကို၊ စခန်းတစ်ခုကို ပြန်ပြီးတော့ သိမ်းပိုက်ထားပြီလို့ ပြောတယ်။ ကျောက်ဆယ်နားလေး ပတ်ဝန်းကျင်က သူတို့က စခန်းတွေ အများကြီး ထိုင်ထားတာဗျ၊ စခန်းအတိအကျကို တော့ ကျနော်ပြောပြလို့ မရဘူးဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုရင် လွန်ခဲ့တဲ့ လတွေတုန်းက မနှစ်တုန်းကပေါ့ သူတို့ ကျနော်တို့ နယ်မြေဒေသထဲကို ထိုးဖောက်ဝင်ရောက်လာပြီးမှ အခြေစိုက်စခန်းတွေ ထိုင်ထားတဲ့အထဲမှာ ကျနော်တို့ ထိုးဖောက်ဝင်ရောက်ပြီးမှ သိမ်းပိုက်ရရှိထားပြီလို့ ပြောတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို တွေ့ရစဉ်

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI က ဖုန်းဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားသည်ကို သိရှိရကြောင်း၊ အဆိုပါ ကျောက်ဆည်မှာ ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ် အစပ်တွင် တည်ရှိပြီး သီးခြားနေရာ တစ်ခုဖြစ်နေကြောင်း ဗန်းမောက်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျောက်ဆည်ဆိုတာ သမိုင်းအရဘဲ နာမည်ကြီးနေတာကိုး ကျောက်ဆည်က ချောင်းကကွာ ဟိုဖက် ဒီဖက် ကျောက်တောင်ကြီးပဲ ဆည်ပုံစံ ပိတ်ထားတာ၊ ဒါပေမဲ့ အဲဒီနေရာလေး နည်းနည်းလေးပဲ ဖွင့်ထားတာ လမ်းက အဲဒါမို့ ကျောက်ဆည် အဲဒီမှာမှ ဘုန်းကြီးကျောင်းက အကြီးကြီးပဲ သွားဆောက်ထားတာ ကျနော်တို့ သွားတုန်းက ဆိုရင် အိမ်က ဘယ်လောက်မှ မရှိသေးဘူးလေ၊ လူနေအိမ်တောင် မတွေ့သေးဘူး။ ဘုန်းကြီး ကျောင်းနဲ့ လှမ်းတယ် သူတို့ လူနေအိမ်က မန်ကျည်းကုန်းဆိုရင် ရှမ်းရွာအနေနဲ့ ပြောမယ်ဆိုရင် မန်ကျည်းကုန်း က အနီးဆုံးပဲလေ သူတို့နဲ့ အနီးဆုံးဆိုတာ တခြားရွာတွေနဲ့ ယှဉ်လိုက်ရင် ဒါပေမဲ့ တော်တော်လေး သွားရသေး တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀ ရက်က SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ် ၂၃ ရက်ကလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ SNA ၏ ရှေ့တန်းစခန်း တစ်ခုကို KIA- PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

လက်ရှိတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့များက SNA နှင့် ဒေသခံ လူထုအကြား စနစ်တကျစီမံ၍ သွေးခွဲနေ ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောသည်။

KIA လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို တွေ့ရစဉ်

၎င်းက “KIAနဲ့ PDF တွေက ဗန်းမောက်ဂွင် တစ်ခုလုံးကိုလည်း သူတို့ထိန်းချုပ်ချင်တဲ့ ဆန္ဒရှိတယ်၊ အနေအထား မှာ ရှိတယ်၊ ကျနော်တို့ ဟုမ္မလင်း မြို့နယ်ထဲကိုလည်း ဝင်ရောက်ထိုးဖောက်ဖို့ အနေအထားတွေ ရှိနေတယ်၊ ဒီတော့ ကျနော်တို့အနေနဲ့ ပြောရလို့ရှိရင်တော့ သူတို့က KIA အားကိုးနဲ့ ကျူးကျော်စစ်ကို ဆင်နွှဲနေတာ ဖြစ်တယ်၊ ပြောရလို့ရှိရင် ဒီစစ်ပွဲတွေကို PDF နဲ့ KIA က ပူးပေါင်းပြီးမှ တိုက်တယ်ဆိုပေမယ့်လို့ ဒေသခံလူထုတွေကို သူတို့ အနေနဲ့ PDF ထဲကို မဖြစ်မနေ အတင်းအဓမ္မ ဝင်ရောက်ခိုင်းပြီးမှ ရှေ့တန်းတင်ပြီး တိုက်ခိုက်ခိုင်းနေတော့ ကိုယ့် ဒေသခံတွေနဲ့ ကျနော်တို့ SNA တွေနဲ့ ပြန်ပြီးတော့မှ ရင်ဆိုင်တွေ့နေရတဲ့ အနေအထား ဖြစ်နေတယ်၊ ကျနော်တို့က တော့ ကိုယ့်လူထုနဲ့ ပြန်တိုက်နေရတဲ့ အနေအထားကို မလိုလားဘူး။ ပြောရလို့ရှိရင်တော့ တစ်ဖက်ကနေ ပြီး တော့မှ စနစ်တကျနဲ့ ကျနော်တို့ အချင်းချင်း အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီးမှ ခွပ်ခိုင်းတဲ့ စီမံချက်မျိုးကို စနစ်တကျနဲ့ ဖန်တီးနေတယ်လို့ ကျနော်တို့ အနေနဲ့ ယူဆရတယ်၊ ဒီဟာက တိုင်းရင်းသား အချင်းချင်းကြားထဲမှာ သပ်လျှိုဖြိုခွဲပြီးမှ ကျနော်တို့ကို သွေးကွဲအောင် လုပ်နေတဲ့ တိုက်ပွဲတွေပဲ ကျနော်တို့ကို သွေးကွဲသွားအောင် ကျနော်တို့ တိုင်းရင်းသားအချင်းချင်း သွေးကွဲသွားအောင်လို့ ခွဲနေတဲ့ စစ်ပွဲ၊ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သုံးသပ် လို့ ရပါတယ်” ဟု ပြောသည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

KIA သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သလို PDF ကတော့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကနေ အာဏာရှင်စနစ် တွန်းလှန်ရေး ကြိုးပမ်းနေသော လက်နက်ကိုင် အဖွဲ့ဖြစ်သည်။