CNI International News

တိုင်ပေ၊ ဩဂုတ် ၁၆

ထိုင်ဝမ်နှင့် အာရှတိုက် ကုန်းမြေကို ပိုင်းခြားထားလျက် ကျယ်ပြန့်သော ရေပိုင်နက်ဖြစ်သည့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း ရေးနှင့်တည်ငြိမ်ရေး ပံ့ပိုးပေးရန်မှာ အရေးတကြီး လိုအပ်နေကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။

အာရှတိုက်မှ မိုင် ၁၁၀ ကွာဝေးသည့် ၎င်းရေလက်ကြားကို အာရှအရှေ့မြောက်ပိုင်းရှိ အဓိကဆိပ်ကမ်း အားလုံးနီးပါးထံသို့ ကုန်စည်တင်ပို့ရေးအတွက် အဓိကလမ်းကြောင်းအဖြစ် အသုံးပြုနေကြသည်။

ရေလက်ကြား တည်ငြိမ်ရေးသည် နည်းပညာမြင့် အီလက်ထရောနစ် ထုတ်ကုန်များကို ကမ္ဘာ့ကုန်စည် ထောက်ပံ့ရေး ကွင်းဆက်အတွက် အကာအကွယ်ပေးရန် အရေးကြီးနေကြောင်း ဂျပန်သတင်းစာ တစ်စောင်သို့ သမ္မတ ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် အီလက်ထရောနစ် ပစ္စည်းအမျိုးမျိုးတွင် ထည့်သွင်းရသည့် တပိုင်းလျှပ်ကူး ကိရိယာများ အဓိက ထုတ်လုပ်ပေး သူအဖြစ် ကမ္ဘာတွင် ထင်ရှားသည်။

ထိုင်ဝမ်သို့ အမေရိကန် နိုင်ငံရေးသမားများ အဝင်အထွက် လုပ်‌နေခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် တရုတ်၏ စစ်ရေး လေ့ကျင့်မှုအသစ် ကြေညာပြီးနောက် အထက်ပါအတိုင်း ဆိုင်အင်ဝမ်၏ သဘောထား မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနဲ့ ထိုင်ဝမ် သမ္မတဆိုင်အင်ဝမ် (AP)

ထိုင်ဝမ်သည် ပြည်မကြီးနှင့် ပေါင်းစည်းသင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ယုံကြည်ထားပြီး ဘေဂျင်းအနေဖြင့် ၎င်း၏ အမိမြေ အဖြစ် မှတ်ယူထားသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုင်ဝမ်ကို ဖက်တွယ်သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် တရုတ်ကို ဆန့်ကျင်သည့် အနေဖြင့် ယခုလ အစောပိုင်းတွင် ထိုင်ဝမ် သို့ ရောက်ရှိလာခဲ့ရာ ထိုင်ဝမ်နှင့်တရုတ် အစိုးရတို့အကြား တင်းမာမှု တိုးလာခဲ့သည်။

ပလိုစီသည် ထိုင်ဝမ်သို့ ၂၅ နှစ်အတွင် အမေရိကန် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်အဖြစ် လာရောက် လည်ပတ်ခဲ့ပြီး ထိုင်ဝမ်ကို ကမ္ဘာ့ လွတ်လပ်မှုအရှိဆုံး အသိုင်းအဝိုင်းထဲမှ တစ်ခုအဖြစ် ချီးကျူးထောပနာပြုခဲ့ရာ တရုတ်ကို ပိုမိုဒေါသထွက်စေခဲ့သည်။

ပလိုစီ၏ ခရီးစဉ်သည် ထိုင်ဝမ်၏ တက်ကြွသော ဒီမိုကရေစီကို ပံ့ပိုးပေးရန်အတွက် အမေရိကန်၏ ခိုင်မြဲသော ကတိကဝတ် ကို ပြသလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန် လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ထပ်ရောက်လာ (GETTY IMAGES)

ထိုအခြေအနေကို လက်တုံ့ပြန်သည့် အနေဖြင့် တရုတ်က ၎င်း၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ကျွန်းတဝိုက် စတင်ခဲ့ပြီး အနာဂတ် တစ်ချိန်ချိန်တွင် ကျူးကျော်သိမ်းပိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းအဖြစ် လုပ်ဆောင်ခဲ့သည်။

ပင်လယ်နှင့်လေကြောင်း စစ်ရေးလေ့ကျင့်မှု အောင်မြင်ကြောင်း ပြောကြားခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်နီးပါး ကြာခဲ့သော် လည်း အဆိုပါ ရေပိုက်နက်အတွင်း တရုတ်ရေတပ်နှင့်လေတပ် ဆက်လက် ကင်းလှည့်သွားမည်ဟု သိရသည်။

နန်ပလိုစီ နောက်ပိုင်း ထပ်မံရောက်ရှိလာသော အမေရိကန် လွှတ်တော်အမတ် ၅ ဦးသည် လာမည့် ဩဂုတ် ၂၂ ရက်အထိ ကျွန်းပေါ်တွင် ဆက်လက် တည်းခိုနေမည်ဖြစ်သဖြင့် စစ်ရေးလေ့ကျင့်မှုများ ပိုမိုတိုးမြှင့်မည်ဟု တရုတ်က အဆောတလျင် ကြေညာခဲ့သည်။

အသစ်စတင်မည့် စစ်ရေးလေ့ကျင့်မှုကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကိုတော့ တရုတ်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

Source: Express.co.uk