CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၆

ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံထားရသည့် ထိုင်းခေါင်းဆောင် ပရာယွတ်ချန်အိုချာက “၎င်းသည် ကာကွယ်ရေးဝန် ကြီးအဖြစ် ဆက်လက်တာဝန်ယူသွားမည်” ဟု တွစ်တာလူမှုကွန်ရက် မီဒီယာပေါ်မှ ဩဂုတ် ၂၅ ရက် နှောင်းပိုင်း၌ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ဝန်ကြီးချုပ် ရာထူးသက်တမ်း ကန့်သတ်ချက်ကို ပြန်လည်သုံးသပ်နေစဉ်အတွင်း ၎င်း၏ဝန်ကြီးချုပ်တာဝန်အား ဆိုင်းငံ့ထားရန် တရားရုံးက အမိန့်ပေးခဲ့ပြီးနောက် ပရာယွတ်က ပထမဆုံး လူထုတိုက်ရိုက်မိန့်ခွန်းတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်က အရှေ့တောင်အာရှရှိ ဒုတိယစီးပွားရေးအင်အားအကြီးဆုံး ထိုင်းနိုင်ငံ၏ ယာယီဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်နေသည်။

“ထိုင်းပြည်သူတွေနဲ့ နိုင်ငံအတွက် ကာကွယ်ရေးဝန်ကြီးအဖြစ် ကျနော့်ရဲ့တာဝန်ဝတ္တရားတွေကို နေ့တိုင်း ဆက်လက်ထမ်းဆောင်သွားမှာပါ” ဟု ပရာယွတ်ချန်အိုချာက ၎င်း၏တွစ်တာ account မှနေ၍ ပြောကြားခဲ့သည်။

ဘန်ကောက်မြို့တွင် ဝန်ကြီးချုပ်ရာထူးဆိုင်းငံ့ခံထားရသည့် ပရာယွတ်ချန်အိုချာ၏ ဓာတ်ပုံဘေး၌ ဆန္ဒပြသူ များ စုဝေးနေကြစဉ်(ဓါတ်ပုံ-ရိုက်တာ)

၂၀၁၄ ခုနှစ် အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာရှင်အကြီးအကဲဖြစ်ခဲ့စဉ်နှင့် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင် စဉ် သက်တမ်းများနှင့်ပတ်သက်၍ အဓိကအတိုက်အခံပါတီက တင်သွင်းခဲ့သည့် အယူခံလွှာကို ဩဂုတ် ၂၄ ရက် တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံဆုံးဖြတ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်၏ရာထူးသက်တမ်းကို ၈ နှစ်အထိ ကန့်သတ်ထားသည်။

အဆိုပါ ဥပဒေရေးရာသုံးသပ်ချက်အပေါ် တရားရုံးက မည်သည့်အချိန်တွင် စီရင်ဆုံးဖြတ်ချက်ချမည်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။

ပရာယွတ်၏ ရာထူးသက်တမ်း ကန့်သတ်ချက်နှင့်ပတ်သက်၍ အငြင်းပွားမှုသည် ဆယ်စုနှစ် ၂ ခုနီးပါး ဆက်တိုက် မတည်ငြိမ်ခဲ့သော ထိုင်းနိုင်ငံရေးလောကအတွင်း နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်သည်။ ဆယ်စုနှစ် ၂ ခုအတွင်း အာဏာသိမ်းမှုနှစ်ခုနှင့် အကြမ်းဖက်ဆန္ဒပြမှုများအပါအဝင် နိုင်ငံရေးနယ်ပယ်ထဲတွင် စစ်ဘက်မှ အတိုက်အခံများ လည်း ပါဝင်လာခဲ့ခြင်းအပေါ် အခြေခံ၍ နိုင်ငံရေးအသိအမြင်ကြီးထွားလာသည်နှင့်အမျှ ကိုယ်စားပြုမှု ပိုမိုရရှိရန် တောင်းဆိုနေခဲ့ကြသည်။

ထိုင်းအစိုးရအဖွဲ့သည် ပုံမှန်အတိုင်း လည်ပတ်လုပ်ဆောင်နေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာ ပါချိုင်စရီ (Anucha Burapachaisri) က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

Source: Reuters