CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၆

ဖြူးထိုင်းပါတီမှ ပေတုန်တန် ရှင်နာဝပ်(Paetongtarn Shinawatra) သည် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရေပန်းစားမှုစာရင်းမှာ ဦးဆောင်နေဆဲဖြစ်သည်ဟု Bangkok Post သတင်းတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသားအဖွဲ့(သို့မဟုတ်) Nida Poll ၏ စစ်တမ်း ကောက်ယူမှုတစ်ခုတွင် ထိုသို့ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူမှု ရလာဒ်အရ ထိုင်းနိုင်ငံမှ ထွက်ပြေးနေရသည့်ဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin)၏ သမီးဖြစ်သူ ပေတုန်တန်သည် ရေပန်းစားမှုစာရင်းတွင် United Thai Nation ပါတီ၏ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chn-o-Cha) ကို အပြတ်အသတ် ဦးဆောင်လျက်ရှိသည်။ ဝန်ကြီးချုပ်၏ နောက်တွင် Move Forward ပါတီမှ ပီတာလမ်ဂျာအိုရန်ရတ်(Pita Limjaroenrat) သည် တတိယနေရာတွင်ရှိနေပြီး ၎င်းတို့နှစ်ဦးကြား ရေပန်းစားမှုမှာ သိသိသာသာကွာခြားခြင်းမရှိပေ။

ယခု စစ်တမ်းကောက်ယူမှုကို ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက် အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ နယ်ပယ်ကဏ္ဍအသီးသီးမှ အသက် ၁၈ နှစ်နှင့်အထက် လူအယောက် ၂၀၀၀ ကိုတယ်လီဖုန်းဖြင့် ဆက်သွယ်၍ လာမည့် အထွေထွေရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ်ရာထူးအတွက် ရေးပန်းအစားဆုံးအမတ်လောင်းနှင့် နိုင်ငံရေးပါတီများအကြောင်းကို မေးမြန်းစစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

ပါတီထောက်ခံသူများနှင့် မဲဆွယ်ပွဲတစ်ခုတွင်တွေ့ရသော ပေတုန်တန်(ဓါတ်ပုံ-Pheu Thai Party)

ဝန်ကြီးချုပ်သစ်ရာထူးအတွက် မည်သူ့ကို ရွေးချယ်မည်လဲဆိုသည့်မေးခွန်းတွင် ဖြေဆိုသူများ၏ ၃၄ ရာခိုင်နှုန်းက ဖြူးထိုင်းပါတီ၏ ပေတုန်တန်ကို ရွေးချယ်ခဲ့ပြီး ၁၄ ဒသမ ၀၅ ရာခိုင်နှုန်းက လက်ရှိဝန်ကြီးချုပ် ပရာယွတ်ကို ရွေးချယ်ခဲ့သည်။ ၁၃ ဒသမ ၂၅ ရာခိုင်နှုန်းက Move Forward ပါတီ၏ ပီတာကို ရွေးချယ်ခဲ့ကာ ၈ ဒသမ ၂၅ ရာခိုင်နှုန်းက မည်သူမှ ဝန်ကြီးချုပ်ရာထူးနှင့် သင့်တော်မှုမရှိဟု ထူးထူးဆန်းဆန်း ဖြေကြားခဲ့သည်ကိုလည်း တွေ့ရသည်။ နံပါတ် ၅ နေရာတွင် Thai Sang Thai ပါတီခေါင်းဆောင် ဆူဒါရတ် ကီယူရာဖန်း(Sudarat Keyuraphan) က ၆ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် ရပ်တည်နေသည်ဟုလည်း သိရသည်။

ရွေးကောက်ပွဲတွင်အနိုင်ရမည့် နိုင်ငံရေးပါတီများနှင့်ပတ်သတ်၍မေးမြန်းရာတွင်လည်း ဖြေကြားသူများ၏ ၄၂ ဒသမ ၉၅ ရာခိုင်နှုန်းက ဖြူးထိုင်းပါတီကို ရွေးချယ်ခဲ့ကြပြီး ၁၆ ဒသမ ၆၀ ရာခိုင်နှုန်းက Move Forward ပါတီဟု ဖြေကြားခဲ့သည်။ မည်သည့်ပါတီမှ မဲမပေးဟု ဖြေကြားသူ ၈ ဒသမ ၃၀ ရာခိုင်နှုန်းရှိခြင်းကြောင့် ယင်းအဖြေသည် တတိယနေရာတွင်ရှိနေကာ စတုတ္ထနေရာတွင် United Thai Nation ပါတီက ၆ ဒသမ ၉၅ ရာခိုင်နှုန်း၊ ပဉ္စမ နေရာတွင် Democrat ပါတီက ၅ ဒသမ ၃၅ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်နေသည်ဟု သိရသည်။

Source:Bangkok Post