CNI International News

ဆိုးလ်၊ ဩဂုတ် ၂၆

အီဂျစ်နိုင်ငံ၏ပထမဆုံး နျူကလီးယားဓါတ်အားပေးစက်ရုံတည်ဆောက်ရေး၌ စက်အစိတ်အပိုင်းနှင့် တာဘိုင်များ တပ်ဆင်ဖို့အတွက် ရုရှားပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီနှင့် ဝမ် ၃ ထရီလီယံ (ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ) တန်ဖိုးရှိ သဘောတူစာချုပ်ကို တောင်ကိုရီးယားက လက်မှတ်ရေးထိုးခဲ့ကြောင်း ဆိုးလ်အစိုးရတာဝန်ရှိသူများက ဩဂုတ် ၂၅ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားအထီးကျန်ဖြစ်စေရေးအတွက် အမေရိကန်နှင့်မဟာမိတ်များ စီးပွားရေးအရ ဖိအား ပေးနေကြသော်လည်း နျူကလီးယားစွမ်းအင်လုပ်ငန်းကြီးတစ်ခုအတွက် ထိုကဲ့သို့စာချုပ်ချုပ်ဆိုနိုင်ခြင်းသည် အောင်ပွဲရလဒ်တစ်ခုအဖြစ် တောင်ကိုရီးယားပြည်သူများ နှစ်ထောင်းအားရရှိခဲ့ကြသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ သဘောတူ စာချုပ်နှင့်ပတ်သက်၍ အမေရိကန်နှင့် ကြိုတင်ညှိနှိုင်းထားပြီး ဖြစ်ကြောင်း၊ စီမံကိန်းအတွက် ဆိုးလ်အစိုးရထံမှ နည်းပညာပံ့ပိုးမှုသည် ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများနှင့် ထိပ်တိုက် တွေ့မည် မဟုတ်ကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

အစိုးရပိုင် ကိုရီးယား ရေအားနှင့်နျူးကလီးယား လျှပ်စစ်ကုမ္ပဏီသည် ရုရှား၏ အက်တမ်စတိုရီအိတ်စ်ပို့ (Atomstoryexport) ကုမ္ပဏီထံမှ တစ်ဆင့်ခံ ကန်ထရိုက်စနစ်ဖြင့် အီဂျစ်နိုင်ငံ၊ ဒါဘား (Dabaa) မြို့တွင် စက်ရုံ တည်ဆောက်မှုအတွက် တာဘိုင်များ၊ စက်ပစ္စည်း အစိတ်အပိုင်းများ ပေးပို့သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အီဂျစ်က နျူကလီးယားဓါတ်အားပေးစက်ရုံ (AP)

မြေထဲပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိသော ဒါဘားမြို့သည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှ အနောက်မြောက် ဘက် ကီလိုမီတာ ၁၃၀ (မိုင် ၈၀) ကွာဝေးသည်။

ASE ဟု အတိုကောက် ခေါ်ကြသည့် အက်တမ်စတိုရီအိတ်စ်ပို့ ကုမ္ပဏီသည် ရုရှားအစိုးရပိုင် နျူကလီးယား လုပ်ငန်းစုဖြစ်သော ရို့စ်အက်တမ် (Rosatom) ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ်အထိ ၁၂၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် နျူကလီးယား ဓါတ်ပေါင်းဖို ၄ ခု ပေးပို့ တပ်ဆင်သွားရန် အီဂျစ်အစိုးရနှင့် စာချုပ် ချုပ်ထားသည်။ ကိုရီးယား ရေအားနှင့်နျူကလီးယား လျှပ်စစ်ကုမ္ပဏီက ယခုစီမံကိန်းတွင် ပါဝင်လုပ်ကိုင်ရမည့် ကာလအပိုင်းအခြားမှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ဖြစ်သည်။

လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှိုင်းမှုများသည် မမျှော်လင့်ထားသော ပြောင်းလဲမှုများကြောင့် နှောင်းနှေးခဲ့ရကြောင်း၊ အထူးသဖြင့် ရုရှား၏ ယူကရိန်းစစ်ပွဲနှင့် မော်စကို၏ ရန်လိုမှုအပေါ် အမေရိကန်ဦးဆောင်ပြီး ပိတ်ဆို့အရေးယူ ခဲ့ခြင်း တို့ကြောင့် နှောင့်နှေးရခြင်းဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ၏ အကြီးတန်း လက်ထောက် တစ်ဦးက ပြောကြားခဲ့သည်။

Source: AP