CNI International News
ဆော်ပိုလို၊ သြဂုတ် ၃၁
ဝဂ်နာအုပ်စု အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂေါ့ဇင် (Yevgeny Prigozhin) သေဆုံးခဲ့သည့် ဂျက်လေယာဉ် ပျက်ကျမှုကို နိုင်ငံတကာဥပဒေများအရ စုံစမ်းစစ်ဆေးမည်မဟုတ်ကြောင်း ရုရှားအစိုးရက ဘရာဇီးနိုင်ငံ၏ လေယာဉ် စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဝဂ်နာသည် ရုရှားနိုင်ငံက ကြေးစားစစ်သားငှားရမ်းသည့် အုပ်စုဖြစ်ပြီး ပျက်ကျခဲ့သည့် ဂျက်လေယာဉ်မှာ ဘရာဇီးနိုင်ငံလုပ် Embraer ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က မော်စကိုမြို့တော် မြောက်ပိုင်းတွင် Embraer Legacy 600 လေယာဉ်ပျက်ကျမှု၌ ပရီဂေါ့ဇင်နှင့်အတူ ဝဂ်နာအုပ်စု၏ ဗိုလ်နှစ်ဦး၊ သက်တော်စောင့်လေးဦး အပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့သည်။
ပရီဂေါ့ဇင်သည် ၁၉၉၉ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကို ဆန့်ကျင်သည့် တစ်ရက်ကြာ ပုန်ကန်မှုအပြီး နှစ်လနီးပါးအကြာတွင် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။
PMC Wagner ရုံးရှေ့မှ ပရီဂေါ့ဇင်တို့အတွက် အောက်မေ့ဖွယ်မြင်ကွင်း(gettyimages)
၎င်းလေယာဉ်ပျက်ကျမှုအား နိုင်ငံတကာ ဥပဒေများအောက်တွင် စုံစမ်းစစ်ဆေးရန် ဖိတ်ကြားခံရမည်ဆိုပါက ရုရှားဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်မည်ဟု ဘရာဇီး၏ လေကြောင်း မတော်တဆမှု တားဆီးရေးနှင့် သုတေသနစင်တာ (CENIPA) က ပြောကြားခဲ့သည်။
သို့သော် ရုရှား၏ လေကြောင်းအာဏာပိုင်အဖွဲ့မှ CENIPA ကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ဘဲ သြဂုတ် ၂၃ ရက်က ဖြစ်ပွားခဲ့သည့် Embraer Legacy 600 လေယာဉ်ပျက်ကျမှုနောက်ကွယ်၌ ရုရှားအစိုးရ ရှိနေနိုင်သည်ဟု အမေရိကန်နှင့် အခြား အနောက်နိုင်ငံများမှ အစိုးရများက သံသယရှိနေကြသည်။
ရုရှားအစိုးရအနေဖြင့် ထိုလေယာဉ်ပျက်ကျမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ပရီဂေါ့ဇင်သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ်၏ စွမ်းဆောင်ရည်များအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့သူဖြစ်သည်။
ဝဂ်နာကြေးစားစစ်သားများသည် ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သားများဘက်မှ ပါဝင်တိုက်ခိုက်ပေးခဲ့သည်။
ပျက်ကျသွားသည့် Embraer Legacy 600 လေယာဉ် အစိတ်အပိုင်းတစ်ခု(gettyimages)
ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့ အခြေစိုက် နိုင်ငံတကာ မြို့ပြလေကြောင်း အဖွဲ့ (ICAO) ၏ အဆိုအရ Embraer Legacy 600 လေယာဉ်သည် မော်စကိုမှ စိန့် ပီတာစဘတ်ချ်မြို့သို့ ပျံသန်ချိန်အတွင်း ပျက်ကျခဲ့သဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ် ပျက်ကျမှုဖြစ်ကာ နိုင်ငံတကာ ဥပဒေများအရ စုံစမ်းစစ်ဆေးစရာမလိုကြောင်း သိရသည်။
ထိုလေယာဉ်ပျက်ကျမှုကို နိုင်ငံတကာဥပဒေများဖြင့် မဖြစ်မနေ စုံစမ်းစစ်ဆေးရန်မလိုသော်လည်း ရုရှား အနေဖြင့် နိုင်ငံတကာဥပဒေများအောက်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ခွင့်ပြုမည်ဆိုပါက မိမိတို့ ပူးပေါင်း ပါဝင်သွားမည်ဟု CENIPA အကြီးအကဲ မာဆယ်လို မိုရီနို (Marcelo Moreno) က ပြောကြားခဲ့သည်။
ရုရှား၏ ပြည်တွင်း စုံစမ်းစစ်ဆေးမှုတွင် ပျက်ကျခဲ့သည့် လေယာဉ်ကို ထုတ်လုပ်ခဲ့သည့် ဘရာဇီးနိုင်ငံ ပါဝင်ခြင်းမရှိခဲ့သဖြင့် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟုလည်း အမေရိကန် လေကြောင်း လုံခြုံရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဂျွန်ကော့စ် (John Cox) က ပြောသည်။