CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းသည့် မည်သည့် နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများအကြား ဆွေးနွေး အဖြေရှာလျက်ရှိ နေကြသည်။

တချို့သော အင်အားစုများမှာ အပြုတ်တိုက်ရေးကို ဦးတည်နေသလို တချို့ အဖွဲ့အစည်းများမှာကတော့ တွေ့ဆုံ ဆွေးနွေးခြင်းက အကောင်းဆုံးဟု လက်ခံနေကြကြောင်း၊ သို့သော်လည်း အယူအဆများ ကွဲလွဲနေ၍ ငြင်းခုံလျက် ရှိနေကြသည်။

လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်သည့် အနေအထား မရှိသေးကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်မှ လုံခြုံရေးတပ်ဖွဲ့တစ်ဦးကိုတွေ့ရစဉ် (STR-GETTY IMAGES)

ခွန်မြင့်ထွန်းက “ဒီအခြေအနေ ထားမှာပေါ့နော်၊ ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေဆိုတဲ့ အလားအလာကလည်း အားနည်း နေသေးတယ်လို့ ကျနော်တို့ မြင်တယ်၊ စစ်အုပ်စု အနေနဲ့ကလည်း သူတို့အနေနဲ့ကတော့ လုံးဝ လက်နက် အားကိုး ပြီးတော့ အနိုင်ကျင့်ယူပြီးတော့ ဦးတည်နေတဲ့ အခါကြတော့ ကျနော်တို့ အနေနဲ့ကတော့ လောလောလတ်လတ် အခြေအနေမှာကတော့ အလားအလာတော့ မမြင်သေးပါဘူး”ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုများနှင့် အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက် ရှိနေကြသည်။

ထို့နောက် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် အခန်းကဏ္ဍများ နိမ့်ကျကာ ကျပ်တည်း ရုန်းကန်နေကြရသည်။ အလားတူ လက်နက်နှင့် မူးယစ်ဆေးများ ပြည်တွင်းသို့ အဆမတန် ပြန့်ပွားနေခြင်းကြောင့် အရပ်သားများ၏ လုံခြုံရေးများလည်း ခြိမ်းခြောက်ခံနေရသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တချို့တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးနေ၍ ငြိမ်းချမ်းသွားမှာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အပြုတ်မတိုက်လို့တောင်မှ AA နဲ့တောင်မှ အတိုက်အခိုက် ရပ်စဲနေပြီလေ၊ ဒီထဲမှာ KNU နဲ့လည်း စေ့စပ်နေတယ်နော်၊ ခင်ဗျားတို့ မီဒီယာတွေမှာသာ မရောက်တာ စေ့စပ်နေပြီနော်၊ အဖြေက ရတော့မှာ KNU နဲ့ စေ့စပ်နေတယ်၊ အဖွဲ့နာမည်တော့ ကျနော်မပြောပြပါရစေနဲ့ စေ့စပ်နေတယ်၊ အခြေအနေ ကောင်းနေတယ်၊ နောက်ပိုင်း ငြိမ်းချမ်းသွားမယ်” ဟု ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ မြန်မာ့တပ်မတော်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေး မပြေလည်မှုကို ၎င်းက ကြားဝင်လာကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

 ဒီမိုကရေစီအရေး တောင်းဆိုကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသူတစ်ဦး(GETTY IMAGES)

၎င်းက “ဒီမိုကရေစီ နိုင်ငံရေး ဆိုတာက‌တော့ အတိုက်အခံရှိမယ်လေ၊ ပြောကြမယ်ဆိုကြမယ်၊ ပြည်သူရဲ့ အဆုံး အဖြတ်ကို ခံကြမယ်၊ ပြည်သူရဲ့ အဆုံးအဖြတ်ကို ခံပြီးတော့ ဖြေရှင်းကြမှာပေါ့၊ ဒီပါတီကို မကြိုက်ရင် နောက်တစ် ပါတီကို မဲပေးမှာပေါ့၊ ပါတီတွေကလည်း လက်လွတ်စပယ် မလုပ်ပါဘူး။ တိုင်းရင်းသားတွေကလည်း သူ့ဖက်ဒရယ် အခွင့်အရေးကို ‌တောင်းမှာပေါ့၊ ဈေးညှိကြမှာပေါ့ဗျာ၊ ဒီဖြစ်စဉ်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိအောင် တပ်မ‌တော်က ကြားဝင်ထားတယ်၊ နိုင်ငံအချင်းချင်း၊ ပါတီအချင်းချင်း၊ နိုင်ငံရေးသမား အချင်းချင်း ညှိနှိုင်းလို့ မရအောင်အထိ တပ်မတော်က ဒီနိုင်ငံရေးလောကမှာ ဖွဲ့စည်းပုံအရ ပါဝင်နေတယ်၊ တပ်မ‌တော်က နိုင်ငံရေး ဦးဆောင်မှု အခန်းက ပါဝင်ရမှာဆိုတာတို့ တစ်ခုတည်းသော တပ်မ‌တော် ဖြစ်ရမှာဆိုတာတို့ အဲဒါမျိုး ၂၀၀၈ ဖွဲ့စည်းပုံအားကိုးနဲ့ လွှတ်တော်ထဲမှာလည်း ၂၅ ရာခိုင်နှုန်းလည်း ယူထားသေးတယ်၊ စစ်တပ်ရဲ့ နိုင်ငံရေးလောက ထဲမှာ မပါပဲနဲ့ လုံးဝ နိုင်ငံတော်ရဲ့ ကာကွယ်ရေးပဲ အဲဒီမှာ နေလိုက်မယ်ဆိုရင် ဒီကိစ္စတွေက နိုင်ငံရေးသမား အချင်းချင်း ညှိနှိုင်းရင် အချိန်ကာလတစ်ခု အခြေအနေ ရောက်ရင်တော့ ကျေကျေနပ်နပ် ရာခိုင်နှုန်းပြည့် မဟုတ် ရင်တောင်မှ အတူတူလက်တွဲသွားလို့ ရနိုင်မယ့် အခြေအနေတစ်ခုကို တဖြည်းဖြည်း ရောက်လာလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး နေအိမ်နှင့် အဆောက်အဉီပေါင်း သောင်းနှင့်ချီ မီးရှို့ ဖျက်ဆီးခံထားရကြောင်း၊ ဒေသတွင်းနေ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်(STR- GETTY IMAGES)

ထို့ကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများကြား အဖြေရှာ နေကြသလို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

နစက-ကတော့ ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး၍ အနိုင်ရသည့် ပါတီကို နိုင်ငံ တော် အာဏာအား လွှဲပြောင်းပေးသွားမည်ဟု ကတိပြုကာ ထွက်ပေါက်ရှာနေသည်။

မြန်မာ့တပ်မတော်ကို ဖြုတ်လိုသည့် တော်လှန်ရေး အင်အားစုများကတော့ ရွေးကောက်ပွဲသည် နစကအတွက်သာ ထွက်ပေါက်ဖြစ်ခြင်းကြောင့် အပြုတ်တိုက်ရေးကို ဖော်ဆောင်လျက်ရှိနေသည်။

သို့သော် တချို့သော ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ သက်ဆိုင်သူ အားလုံး ပါဝင်၍ တွေ့ဆုံ ဆွေးနွေးကြရန် သဘောထား ရပ်တည်လျက်ရှိနေကြသည်။