CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပစ်ရပ်စဲပြီးနောက် ရေလမ်းကြောင်း အပါအဝင် ကုန်းလမ်းကြောင်းကို ပြန်ဖွင့်ပေးထားပြီးဖြစ်သော်လည်း ကုန်ကားမောင်းနှင်သူများနှင့် ကားဂိတ်များ က ဆေးပစ္စည်းနှင့်ဆေးဝါးများကို လက်မခံသေး၍ ဆေးဝါးပြတ်နေဆဲ ဖြစ်ကြောင်း ရခိုင်ဆေးကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဆေးဝါးများကို တရားဝင် သယ်ဆောင်ခွင့်ပြုသည်ဟု ထုတ်ပြန်ထား ခြင်း မရှိသေးကြောင်း၊ ထို့နောက် ကားဂိတ်များမှ ဆေးဝါးများကို သယ်ဆောင်ခွင့်မပြုခြင်းဖြစ်ကြောင်း ရခိုင် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “သယ်ခွင့် မပေးသေးဘူးဆိုတာက အခုက ကားဂိတ်တွေက လုံးဝလက်မခံသေးဘူး ဖြစ်နေတယ်။ ဆေးဝါး ဆိုလို့ရှိရင် သူတို့ကားတွေက လက်မခံဘူး။ လက်မခံဘူးဆိုတာက သူတို့ကတော့ သက်ဆိုင်ရာ ဒီဘက်က ပါမစ် ပေါ့လေ သယ်ယူခွင့်တစ်ခုခုပါလို့ရှိရင် သူတို့လက်ခံမယ်။ မဟုတ်ရင် သူတို့က လက်မခံနိုင်ဘူး။ သူတို့ဆီကိုလည်း လွတ်လွတ်လပ်လပ် သယ်နိုင်ပြီဆိုတဲ့အကြောင်းလည်း အကြောင်းကြားထားတာ မရှိတဲ့အတွက် လမ်းခရီးမှာ သူတို့ကားအနေနဲ့လည်း တင်လာပြီးတော့မှ စစ်တဲ့အချိန်မှာတွေ့လို့ ပြဿနာတက်မှာလည်း စိုးရိမ်တာနဲ့ တူပါတယ်။ အဲဒါကြောင့် သူတို့ကတော့ သူတို့ဆီလည်း သေသေချာချာ မသိသေးတဲ့အတွက် ဆေးဝါးပစ္စည်း တွေကို သူတို့ လက်မခံသေးဘူး ဆိုပြီးတော့ပဲ ကျနော်တို့အနေနဲ့ သိထားပါတယ်။အဲဒါကြောင့် ဆေးဝါး ပစ္စည်းတွေကတော့ လောလောဆယ်မှာတော့ ဒီအတိုင်းပဲ ပြတ်လပ်မှုတွေကတော့ အရင်တိုင်းပဲ အရင်လိုပဲ ရှိနေတာပေါ့လေ” ဟု ပြောသည်။

အိမ်သုံးဆေးပစ္စည်းများ ရောင်းချနေသည့် ဆေးဆိုင်

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ပြည်နယ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ဆေးဝါးတင်သွင်းခွင့်များကို ပိတ်ထားသည့်အပြင် ရခိုင်ဒေသအတွင်းရှိ မြို့နယ်တစ်ခုမှ တစ်ခုသို့ သယ်ယူခွင့်ကိုလည်း ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆေးကုန်သည်များနှင့် ဆေးကုမ္ပဏီများထံမှ သိရ သည်။

ရခိုင်ပြည်နယ်တွင် ဆေးဝါးလက်ကျန်နည်းပါးနေခြင်းနှင့် ပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်းမှတဆင့် သယ်ဆောင်ခွင့်ပြုရန်နှင့် ရန်ကုန်မှ စစ်တွေသို့ ဆေးဝါးများ တင်သွင်းခွင့်ပြုရန် ဆေးကုန်သည်များနှင့် ဆေးကုမ္ပဏီများက ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြတောင်းဆိုသော် လည်း ပြည်နယ်ကောင်စီမှ လက်ခံခြင်း မရှိသေးကြောင်း သိရသည်။

ဆေးဝါးများကို ကန့်သတ်ထားရာမှ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် ကုန်တင်ကားသမားများအနေဖြင့် ကျန်းမာရေးဌာန၏ အာမခံချက် ပါရှိမှသာ တင်ဆောင်နိုင်ကြောင်း မောင်တောမှ တောင်ပြိုသို့ ပြေးဆွဲသည့် ကုန်ကားသမားတစ်ဦးဖြစ်သည့် ကိုမောင်မောင်ထွန်းက CNI သတင်းဌာန သို့ ပြောသည်။

“တင်ရတဲ့ဟာတွေက ကန့်သတ်ထားတာ အများကြီးပါ။ ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အများကြီးပေါ့ ကားသမားတွေကျတော့ မတင်ရဲဘူးလေ။ သူတို့က ဒီဟာကန့်သတ်ထားတယ်ဆိုရင် သူတို့က မတင်ရဘူး။ ကားသမားတွေကလည်း မတင်ရဲဘူးပေါ့။ ကျနော်တို့က အဓိက ကျန်းမာရေးဌာနကနေပြီးတော့ အာမခံချက်ရှိမှ ကျနော်တို့က တင်ရဲမှာလေ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဆေးဝါးတချို့နည်းပါးနေခြင်းနှင့် ပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း။ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များသည်လည်း ကာကွယ်ဆေးများ မထိုးရသေးသည့်အပြင် ဆေးဝါးဈေးနှုန်းများသည်  ၃ ဆခန့်အထိ မြင့်တက်မှု ဖြစ်ပေါ်နေသည်ဟု ရခိုင်ပြည်နယ် ဒေသခံများထံမှ သိရသည်။