CNI International News

တီဟီရန်၊ ဒီဇင်ဘာ ၈

နိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေချိန်တွင် အီရန်သမ္မတ အီဘရာဟင် ရိုင်စီ (Ebrahim Raisi )သည် အမေရိကန်နိုင်ငံကို ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် အာဏာရှင်အစစ်က ဘယ်သူလဲဟု မေးခွန်းထုတ်ခဲ့ ကြောင်း အယ်ဂျာဇီးယားသတင်းဌာနတွင် ဖော်ပြထားသည်။

သမ္မတသည် ကျောင်းသားနေ့ အခမ်းအနားအတွက် ဗုဒ္ဓဟူးနေ့တွင် တီဟီရန် တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး ၎င်း၏ မိန့်ခွန်းအတွင်း ဆန္ဒပြမှုများနှင့် အဓိကရုန်း ဖြစ်ရပ်များအကြား မတူကွဲပြားပုံကို ဇောင်းပေး ပြောဆိုခဲ့သည်။

သုံးလ သက်တမ်းအတွင်းသို့ ရောက်ရှိလာပြီဖြစ်သော အီရန်ုနိုင်ငံ၏ ဆန္ဒပြပွဲများကို အာဏာပိုင်များက အဓိကရုန်း ဖြစ်ရပ်များဟု မကြာခဏဆိုသလို သုံးနှုန်းလေ့ ရှိသည်။

အမေရိကန်များက ဖျက်ဆီးရေး သမားများဖြစ်ပြီး အားကောင်းသော အီရန်နိုင်ငံထက် ပျက်စီးနေသော အီရန်နိုင်ငံကို ပိုမြင်ချင်နေကြသည်ဟု အီရန်သမ္မတ အီဘရာဟင်ရိုင်စီက ပြောသည်။

သူတို့သည် အီရန်နိုင်ငံကို ဆီးရီးယား၊ အာဖဂန်တို့လို ဖြစ်စေလိုနေကြောင်း သို့သော် ပညာတတ် အီရန်နိုင်ငံသား များက ထိုသို့ အဖြစ်မခံကြောင်း ၎င်းက ဆက်ပြောသည်။

ဆီးရီးယား စစ်ပွဲအတွင်းက အခြေအနေကိုတွေ့ရစဉ် (GETTY IMAGES)

ရိုင်စီက “အာဏာရှင်အကြောင်း ကျနော်တို့ ပြောနေကြပေမယ့် ဘယ်သူက အာဏာရှင်လဲ။ ကျနော်တို့ နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နေသူကသာ အာဏာရှင် မဟုတ်ဘူးလား” ဟု မေးခွန်းထုတ်သည်။

၎င်းက အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်နေသည့် အမေရိကန်နိုင်ငံကို ညွှန်းဆို ပြော ကြားဖြစ်သည်ဟု အယ်ဂျာဇီးယားသတင်းဌာနက ရေးသားခဲ့သည်။

သမ္မတ၏ တီဟီရန်တက္ကသိုလ် ခရီးစဉ်သည် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြ၊ သပိတ်မှောက်မှု၏ နောက်ဆုံးနေ့တွင် ဖြစ်ခဲ့သည်။

နိုင်ငံတွင်း အင်တာနက် ကန့်သတ်မှုများ လုပ်ဆောင်ထားသော်လည်း မြို့တော်တီဟီရန် (Tehran) အပါအဝင် တခြား မြို့များ၌ ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ဗွီဒီယိုဖိုင်များ ပျံ့နှံ့လျက်ရှိသည်။

တခြား ဗွီဒီယိုများတွင် နိုင်ငံတစ်လွှားရှိ မြို့ကြီးများမှ ဆိုင်များ ပိတ်ထားသည်ကို မြင်တွေ့ခဲ့ရသော်လည်း နိုင်ငံပိုင် မီဒီယာများတွင်တော့ ဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိသော ပုံရိပ်များကို ဖော်ပြထားသည်။

Source: Al Jazeera