CNI News

၂၀၂၃ ခုနှစ်၊ မေလ ၉

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းသို့ ဦးတည်နေကြောင်း တွေ့ရှိရသည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က မေလ ၉ ရက် နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်တွင် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်မှ ထုတ်ပြန်ကြေညာချက် အပိုဒ်(၂)တွင် “ကိုဗစ် ၁၉ ကပ်ရောဂါနှင့်အတူ စစ်တပ် အာဏာသိမ်းယူမှုနှင့် နောက်ဆက်တွဲ စိန်ခေါ်မှုများ”ဟုလည်းကောင်း၊ အပိုဒ်(၅) ၌ “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ကရင် အမျိုးသားတို့၏ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများ ရရှိ ရေး”ဟုလည်းကောင်း ဖော်ပြထားသည်။

ထို့နောက် အပိုဒ်(၆)တွင် “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိ ရေးအတွက်”ဟုလည်းကောင်း ဖော်ပြထားကြောင်း တွေ့ရှိရသည်ဟု NSPNC က ဆိုသည်။

NSPNC က “ KNU အနေဖြင့် စစ်တပ်အာဏာသိမ်းယူမှု၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားပြီး တိုက်ပွဲဝင် နေကြသော တိုင်းရင်းသား တော်လှန် ရေး အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစား အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန် ထားခြင်းသည် အပြုသဘော မဆောင်ဘဲ NCA ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ပြီး ထိပ်တိုက် ရင်ဆိုင်မှု လမ်း ကြောင်းသို့ ဦးတည်နေကြောင်း တွေ့ရှိရပါသည်”ဟု ထုတ်ပြန်လာသည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့အရ လှုံ့ဆော်မှုများနှင့် ပြည်ပ ပယောဂ များကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများသာ ဖြစ်ပါသည်ဟု NSPNC က ထုတ်ပြန်ခဲ့သည်။

ထို့နောက် NCA အခြေခံမူ အပိုဒ် ၁ (က)တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် သဘောတူခဲ့ပြီးဖြစ်သဖြင့် ထိပ် တိုက်ရင်ဆိုင်သော လက်နက်ကိုင် တိုက်ပွဲဝင်မည့် လမ်း ကြောင်းသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ပြီး အကြမ်း ဖက် လုပ်ရပ်သို့ ဦးတည်နေသောကြောင့် တိုင်းရင်း သား လုပ်သားပြည်သူလူထု တစ်ရပ်လုံးက လိုလားနေသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို  အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ခြင်းကို အဟန့်အတားဖြစ်စေသည့်အပြင် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခံစားလိုသည့် တိုင်းရင်းသားများနှင့် ပြည်သူလူထု တစ်ရပ် လုံးအတွက် ကြီးမားသော အခက်အခဲများဖြစ်ပေါ်စေနိုင်ပါသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ် ကြောင်း၊ NCA ပါအတိုင်း တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်းသည်သာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိနိုင်ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးတို့အတွက် လမ်းကြောင်းမှန်ဖြစ်ကြောင်း NSPNC က ထုတ်ပြန်ခဲ့သည်။