CNI International News

ဂျီနီဗာ ၊ ဇွန်လ ၁၅

ပဋိပက္ခ၊ တရားစွဲဆိုမှုခံရခြင်း သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့ကြောင့် လူပေါင်းသန်း ၁၁၀ နီးပါး သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ၏ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးက ပြောကြောင်း အေပီ သတင်းမှ ဖော်ပြခဲ့သည်။ 

ဆူဒန်စစ်ပွဲသည် စံချိန်တင် နေရပ်စွန့်ခွာ ထွက်ပြေးသူ အရေအတွက် မြင့်တက်လာခြင်းကို ဖြစ်စေသော ပဋိပက္ခများမှ တစ်ခု ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ 

ယင်းက လက်ရှိကမ္ဘာကြီး၏ အခြေအနေကို ဖော်ပြနေသည်ဟု ကုသဒုက္ခသည် အေဂျင်စီ ခေါင်းဆောင် ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က UNHCR ၏ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလားရာ ကြေညာချက်ကို တရားဝင် မထုတ် ပြန်ခင် ဂျီနီဗာမြို့တွင် သတင်းသမားများကို ပြောခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်ထဲတွင်ပင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၉ သန်း မြင့်တက်လာခဲ့သည်။ 

ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများကိုတွေ့ရစဉ်

ထိုအရေအတွက်ထဲမှ ၁၁ သန်းကျော်မှာ ရုရှား၏ ယူကရိန်းနိုင်ငံကို ကျူးကျော် စစ်ဆင်နွှဲရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အရေးပေါ် အခြေအနေများစွာနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဂရန်ဒီက ပြောသည်။ 

ပြီးခဲ့သည့် နှစ်တွင် အရေးပေါ် အခြေအနေပေါင်း ၃၅ ခု ဖြစ်ခဲ့သည်ဟု အေဂျင်စီက မှတ်တမ်း တင်နိုင်ခဲ့ကြောင်း၊ ယင်းသည် ယခင်ကထက် ၃-၄ ဆ ပိုများကြောင်း၊ သို့သော် အရေးပေါ် အခြေအနေ ၃၅ ခုထဲကမှ အခြေအနေ တချို့သာ လူသိရှင်ကြား ဖြစ်ခဲ့ကြောင်း၊ အနောက်နိုင်ငံသားများ ရွှေ့ပြောင်းပြီးချိန်တွင် ဆူဒန် ပဋိပက္ခသည် စာမျက်နှာပေါ်မှ ပျောက်ကွယ်သွားခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။ 

ကွန်ဂို၊ အီသီယိုးပီးယားနှင့် မြန်မာနိုင်ငံတို့မှ ပဋိပက္ခများကြောင့် လူ ၁ သန်းနီးပါး စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

နေရပ်စွန့်ခွာ ထွက်ပြေးသူ အများစုသည် ၎င်းတို့၏ နိုင်ငံ နယ်နိမိတ် အတွင်းမှာပင် ဘေးလွတ်ရာကို ခိုလှုံသွား ကြသည်။ 

သုံးပုံတစ်ပုံဖြစ်သော ၃၅ သန်းခန့်သည်သာ တခြားနိုင်ငံများသို့ ရောက်ရှိခဲ့ပြီး ဒုက္ခသည်အဖြစ် ခံယူခဲ့သည်ဟု UNHCR ၏ ကြေညာချက်တွင် ဖော်ပြသည်။ 

ဒုက္ခသည် အများစုကို လက်ခံထားရာသည် အလယ်အလတ် တန်းစား ဝင်ငွေရှိသည့် အာရှနှင့်အာဖရိကနိုင်ငံ များသာဖြစ်ကြောင်း၊ ကြွယ်ဝသည့် ဥရောပ သို့မဟုတ် မြောက်အမေရိကနိုင်ငံများ မဟုတ်ကြောင်းလည်း ဂရန်ဒီက ပြောသည်။ 

 ဆူဒန်စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများကိုတွေ့ရစဉ်

လက်ရှိတွင် တူရကီသည် ဒုက္ခသည် အများဆုံး လက်ခံထားရာ နိုင်ငံဖြစ်ပြီး ၃ ဒသမ ၈ သန်းရှိသည်။ အများစုမှာ ဆီရီးယားပြည်တွင်းစစ်မှ ဖြစ်သည်။

ထို့နောက် အီရန်တွင် ၃ ဒသမ ၄ သန်းရှိကာ အများစုမှာ အာဖဂန်များ ဖြစ်သည်။ 

ထို့အပြင် ယူကရိန်းမှ ဒုက္ခသည် ၅ ဒသမ ၇ သန်းသည် ဥရောပနိုင်ငံများနှင့် ကမ္ဘာတစ်လွှားသို့ ရောက်ရှိနေ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံမဲ့ လူဦးရေသည် ၄ ဒသမ ၄ သန်းသို့ မြင့်တက်လာခဲ့ကြောင်း UNHCR ၏ အချက်အလက်များတွင် ဖော်ပြထားသည်။ 

ယင်းသည် လျှော့ပေါ့ ထွက်ချက်ထားမှုဟုလည်း ယုံကြည်ရသည်။

Source: AP