CNI Article

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၈

ရှုံးပွဲမရှိ ပရော်ဖက်ရှင်နယ် လက်ဝှေ့မယ်အဖြစ် ဆက်လက် ဖြတ်သန်းနေချိန်မှာ O2 Arena တစ်ဝိုက်ကနေ ကျယ်လောင်တဲ့ ပရိသတ်ထုကြီးက “အလီ၊ အလီ၊ အလီ”ဆိုတဲ့ အော်ဟစ်သံတွေကို ကြားခဲ့ရ တာဖြစ်ပါတယ်။

“ဆိုမာလီအသိုက်အဝန်းရဲ့ အံ့သြစရာကောင်းတဲ့ အရာကတော့ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ကျောထောက်နောက်ခံ ပြုတာပါပဲ။ ကျမရဲ့ လက်ကမ်းကြော်ငြာကို ထုတ်ပြီး ၇၂ နာရီအတွင်းမှာ လက်မှတ်ပေါင်း ၅၀၀ ရောင်းချခဲ့ရပါတယ်။ ရူးသွပ်ဖို့ ကောင်းပါတယ်”လို့ ရမ်လာအလီက BBC Sport ကို ပြောခဲ့တာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ သူမဟာ အတွေ့အကြုံ နုနယ်သေးတဲ့ ပရော်ဖက်ရှင်နယ် ဖြစ်နေဆဲ ဖြစ်ပေမယ့် သူမရဲ့ ကြီးမားတဲ့ ဖော်လိုဝါတွေက အားကစားမှာရော အပြင်မှာရော သူမရဲ့ အောင်မြင်မှုတွေကို သက်သေပြသနေတာ ဖြစ်ပါတယ်။

အလီဟာ စစ်ဘေးသင့် ဆိုမာလီယာကနေ ထွက်ပြေးလာခဲ့ရတဲ့ ကလေးဒုက္ခသည် ဘဝကနေ အပျော်တမ်းအဖြစ် အင်္ဂလိပ် ချန်ပီယံဆုကို ရရှိတဲ့ ပထမဆုံး မွတ်ဆလင် တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တာပါ။ အလီဟာ Vogue ရဲ့ မျက်နှာဖုံးမှာ ပါဝင်ဖို့ ရွေးချယ်ခံရတဲ့ အိုလံပစ်၊ တက်ကြွလှုပ်ရှားသူ၊ စာရေးသူနဲ့ အောင်မြင်တဲ့ မော်ဒယ်လ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

သူမရဲ့ နောက်ခံ သမိုင်းကြောင်းဘဝကို အတ္ထုပ္ပတ္တိအဖြစ် ထုတ်လုပ်နေပြီလည်း ဖြစ်ပါတယ်။ ရမ်လာအလီဟာ ဆော်ဒီမှာကျင်းပတဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိုးသမီးပွဲစဉ်မှာ ထိုးသတ်ခဲ့ပြီး သမိုင်းတွင်မယ့် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အူဆက်ခ်နဲ့ ဂျိုရွှာတို့ရဲ့ ပွဲစဉ်က အဓိကပွဲစဉ်အဖြစ် ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

မော်ဒယ်လ် ရမ်လာအလီ 

“ဒါဟာ ကြီးမားတဲ့ ဂုဏ်ယူမှုပါ။ ဒီလိုမျိုးက တစ်ကြိမ်တစ်ခါပဲ ဖြစ်တာပါ။ ကျမအတွက်ရော ပြိုင်ဘက်အတွက်ပါ ဒီနာမည်တွေဟာ သမိုင်းမှာ အခိုင်အမာရှိတော့မှာ ဖြစ်ပါတယ်။ မယုံနိုင်စရာ ကောင်းတဲ့ ခံစားချက်ပါပဲ”လို့ ရမ်လာအလီက ပြောခဲ့တာပါ။

ဆော်ဒီအာရေဗျမှာ တိုက်ခိုက်ဖို့ အလီ ဆုံးဖြတ်ခဲ့တဲ့ အချိန်မှာ နိုင်ငံရဲ့ ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ အမျိုးသမီးတွေအပေါ်မှာ ဆက်ဆံပုံတွေနဲ့အတူ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။

အလီက “ ရိုင်းစိုင်းတဲ့ မှတ်ချက်တွေ ရှိပါလိမ့်မယ်။ ဒါတွေဟာ စတင်နေခဲ့ပါတယ်။ ဆော်ဒီမှာ လက်ဝှေ့ထိုးဖို့ ဘာကြောင့် ရွေးချယ်တာလဲ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်ဆိုပြီး အစရှိသဖြင့်ပေါ့”လို့ ပြောပါတယ်။

ဆော်ဒီဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ဒါကို အားကစားနဲ့ ဆေးကြော ကာ နိုင်ငံအတွင်းမှာ နာမည်ကြီး အားကစားပြိုင်ပွဲတွေလုပ်ဖို့ ဘီလီယံနဲ့ချီပြီး သုံးစွဲတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

အလီက ဆော်ဒီတော်ဝင် မိသားစုတွေက ဒီထိုးသတ်ပွဲကို တောင်းဆိုခဲ့ပြီး သူမရဲ့ တိုးတက်မှုကို ပြသနေတယ်လို့ ယုံကြည်နေခဲ့တာပါ။

“အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံကို အပြစ်ပြောလို့ မရပါဘူး။ ကျမဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အတွက် ကြိုးစားနေတဲ့သူ ဖြစ်တာကြောင့် ဒီလို အမျိုးသမီး အခွင့်အရေးကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ နိုင်ငံကို ဘာကြောင့် မထောက်ခံနိုင်ရမှာလဲ”လို့ ပြောပါတယ်။

လက်ဝှေ့မယ် ရမ်လာအလီ

ရမ်လာအလီရဲ့ အစ်ကို အကြီးဖြစ်သူဟာ ၁၉၉၀ ခုနှစ်အစောပိုင်း ပြည်တွင်းစစ်အတွင်း ဆိုမာလီယာမှာ အသက် ၁၂ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူမရဲ့ မိသားစုဟာ မြို့တော် မိုဂါဒစ်ရှူးကနေ လွတ်မြောက်ခဲ့ကြပါတယ်။

ကင်ညာနိုင်ငံကို ၉ ရက်ကြာ သင်္ဘောစီးပြီး ထွက်ခွာခဲ့ပြီးနောက် လိုက်ပါလာသူအချို့ဟာ အစာငတ်ပြီးသေဆုံး ခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ သူတို့တွေဟာ လန်ဒန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ကြပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ အလီဟာ အဝလွန်နေတာကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒေသတွင်း အားကစားရုံကို သွားရောက်ကာ လက်ဝှေ့ သင်တန်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုက မကြိုက်လောက်ဘူး အထင်နဲ့ မပြောခဲ့ဘဲ နေခဲ့ပါတယ်။

သူမဟာ ၂၀၁၀ ခုနှစ်ဝန်းကျင်မှာ အပျော်တမ်းပြိုင်ပွဲ မထိုးသတ်ခင် အွန်လိုင်း ဗွီဒီယိုကနေတစ်ဆင့် လက်ဝှေ့ အပေါ်မှာ နစ်မြုပ်စ ပြုလာခဲ့ပြီ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူက သူမ လေ့ကျင့်မှု ပြုလုပ်နိုင်ဖို့အတွက် ခိုးထွက်လို့ ရအောင် ကူညီပေးခဲ့ပေမယ့် မိသားစုကတော့ ဒါကို သတိထားမိခြင်း မရှိသေးပါဘူး။

မကြာခင်မှာပဲ ရမ်လာအလီဟာ နိုင်ငံသစ်ကို ကိုယ်စားပြုခဲ့ပြီး မိခင်ဖြစ်သူ မသိဘဲ အင်္ဂလိပ် အပျော်တမ်း ပြိုင်ပွဲ တွေမှာ ဆုတွေကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ သိတဲ့အချိန်မှာ အလီကို ဒါတွေကို ရပ်တန့်ဖို့ တားမြစ်ခဲ့ တာပါ။ ဒါပေမယ့် အလီကတော့ ဒီလိုတားမြစ်နေတဲ့ ကြားက မိခင်ဖြစ်သူကို အနိုင်ယူစ ပြုလာခဲ့ပါပြီ။

လက်ဝှေ့မယ် ကြိုးဝိုင်းနဲ့အတူ တွေ့ရသော ရမ်လာအလီ


“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျမတို့မှာ အချိုးအကွေ့ တစ်ခုရှိခဲ့ပါတယ်။ ကျမ ဒိန်းမတ်ကိုသွားမယ့် ပြိုင်ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်း စကားပြောဖို့ သူမဆီကနေ ဖုန်းဝင်လာခဲ့ပါတယ်။ ကျမ အရမ်းချစ်ရတဲ့သူ တစ်ယောက်က ကျမ အရမ်းချစ်တဲ့ အရာတစ်ခုကို စိတ်ဝင်စားမှန်း သိသွားရတာက ကမ္ဘာပေါ်မှာ အကောင်းဆုံး ခံစားချက် တစ်ခုပါပဲ။ သူမက အခုဆို ကျမကို အလွန် အားပေးနေပါပြီ။ ပြိုင်ပွဲတိုက်ရိုက် ယှဉ်ပြိုင်တာကိုတော့ သူမ မကြည့်ရသေးပေမယ့် Youtube မှာကြည့်ဖို့ နောက်တစ်နေ့အထိ စောင့်ဆိုင်းနေခဲ့ပါတယ်”လို့ ရမ်လာအလီ က ရှင်းပြခဲ့ပါတယ်။

အပျော်တမ်း ကစားသမားဘဝမှာ အလီဟာ အင်္ဂလန်နိုင်ငံကနေ မွေးရပ်မြေ နိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူခဲ့ တာပါ။ ပြီးခဲ့တဲ့နှစ်က ရမ်လာအလီဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဆိုမာလီယာနိုင်ငံရဲ့ အလံကိုင်ဖြစ်ခဲ့ပြီး အိုလံပစ် ပြိုင်ပွဲမှာ နိုင်ငံရဲ့ ပထမဆုံး လက်ဝှေ့မယ် ဖြစ်လာခဲ့ပါတယ်။

“ဒါဟာ ကျမဘဝရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါပဲ”လို့လည်း ပြောခဲ့ပါတယ်။

Bafta ဆုရ ထုတ်လုပ်သူ မာဂီဒေးဟာ သူမရဲ့ဘဝအကြောင်းကို ဇာတ်ကားရိုက်ကူးဖို့ စီစဉ်နေချိန်မှာ သူမရဲ့ စိတ် အား ထက်သန်ဖွယ်ကောင်းတဲ့ ဇာတ်လမ်းကို မှတ်တမ်းပြုစုထားတဲ့ စာအုပ်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ဝေခဲ့တာပါ။

ချန်ပီယံခါးပတ်နဲ့ ရမ်လာအလီ

အလီရဲ့ မော်ဒယ်လ် အသက်မွေးဝမ်းကြောင်းကလည်း မြင့်မားလာခဲ့ပြီး တန်ဖိုးကြီးမားတဲ့ ဖက်ရှင်တံဆိပ်တွေ အတွက် အမှတ်တံဆိပ် သံတမန်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ရမ်လာဟာ သူမရဲ့ လက်ဝှေ့ဘဝအတွက် အလုပ် အများ အပြားကို အာရုံထွေပြား စေတယ်ဆိုပြီး ခံစားရခြင်းတော့ မရှိပါဘူး။ ဆန့်ကျင်ဘက် အနေနဲ့ သူမရဲ့ မော်ဒယ်လ် အလုပ်က ကမ္ဘာကျော်တွေရဲ့ မျှော်မှန်းချက်ကို အကျိုးပြုတယ်လို့ ပြောခဲ့တာပါ။

“ရိုးရိုးသားသားပြောရရင် အမျိုးသမီးတွေဟာ အမြဲတမ်း အားကစားသမား ဖြစ်ဖို့အတွက် လုံလောက်တဲ့လစာ မရ ရှိကြပါဘူး။ ကျမကတော့ တခြားအရာတွေကိုလည်း လုပ်ဆောင်တဲ့အတွက် အမြဲတမ်း အားကစားသမား ဖြစ်ခွင့် ရခဲ့ပါတယ်။ အချိန်ပြည့်လည်း လေ့ကျင့်နိုင်တယ်။ ကမ္ဘာ့အဆင့်မီ နည်းပြတွေနဲ့ လက်တွဲခွင့် ရဖို့အတွက် လော့စ်အိန်ဂျလိစ် ကနေ ရုန်းထွက်နိုင်အောင် အခွင့်အရေးတွေလည်း ပေးပါတယ်။ မော်ဒယ်လ်၊ ဖက်ရှင် လောက က မယုံနိုင်လောက်အောင်ကို အထောက်အကူ ပြုပါတယ်”လို့ ရမ်လာအလီက ပြောပါတယ်။

ရမ်လာအလီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၇ ပွဲ ထိုးသတ်ထားခဲ့ပြီး ရာနှုန်းပြည့် အနိုင်ရရှိထားသူ ဖြစ်ပါ တယ်။

Source: BBC